ငွေရေး ကြေးရေးက ကြပ်တည်းခက်ခဲရတဲ့ ကြားထဲမှာ ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းထားတဲ့ ကိုယ့်ရဲ့ ချွေးနည်းစာ ပိုက်ဆံ စုငွေတွေသည် မသမာသူ Hackers တွေရဲ့ လက်ချက်နဲ့ ပြောင်သလင်းခါသွားတဲ့အဖြစ်မျိုးကို လက်ရှိမှာ အဖြစ်များနေကြပါတယ်။

ကိုယ်ကိုယ်တိုင်က ခံရသူမဟုတ်သည့်တိုင်အောင် ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုမျိုး ခံရသူတွေ အများကြီးရှိပါတယ်။ ထိုမသမာသူတွေက နည်းပညာအကြောင်း မသိ နားမလည်တဲ့ သက်ကြီးရွယ်အိုများ၊ နည်းပညာနဲ့ အလှမ်းဝေးသူများကို ပစ်မှတ်ထားလေ့ရှိပါတယ်။ ကွီးတို့ကိုယ်တိုင်လည်း သတိထားနေတဲ့ကြားက သတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာ ထိုမသမာသူတွေရဲ့ သားကောင်ဖြစ်သွားနိုင်ပါတယ်။

ကိုယ့်ရဲ့ ဘဏ်ထဲက ပိုက်ဆံ တွေကို Hackers တွေ အလွယ်တကူ နှိုက်ထုတ်သွားနိုင်ခြင်းက ခေတ်မီတိုးတက်လာသော နည်းပညာရဲ့ ဆိုးကျိုးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေပါ ဒီလိုမျိုး မခံရလေအောင် သိထားသင့်တဲ့အချက်များ ရှိပါတယ်။

App တွေကို အလွယ်တကူ ဒေါင်းလုတ်ခ်ချခြင်းမှ ရှောင်ကြဥ်ပါ

App

အွန်လိုင်းပေါ်က တွေ့သမျှ App တွေကို အလွယ်တကူ ဒေါင်းလုတ်ခ်မချပါနဲ့။ ဒေါင်းလုတ်ခ်ချချင်ရင် တရားဝင် ဝက်ဘ်ဆိုဒ်များထဲကနေ ဒေါင်းလုတ်ခ်ချပါ။ Android ဖုန်းတွေဆိုရင် Google Play ထဲက ဒေါင်းလုတ်ခ်ချသင့်ပြီး iOS သမားတွေဆိုရင် App Store ထဲကသာ ဒေါင်းလုတ်ခ်ချသင့်ပါတယ်။ ဒေါင်းလုတ်ခ် မချခင်မှာလည်း ကိုယ် ဒေါင်းလုတ်ခ်ချမယ့် App ရဲ့ အနေအထားကို အရင်ဆုံး လေ့လာသင့်ပါတယ်။ သူ့ ရီဗျူးများကို လိုက်ဖတ်ကြည့်ပါ။ တစ်ယောက်စ နှစ်ယောက်စလောက်ကပဲ ကောင်းတယ်လို့ ရေးထားတယ်၊ နာမည် သိပ်မရှိဘူး၊ မသင်္ကာစရာကောင်းတယ်ဆိုရင်တော့ ဒေါင်းလုတ်ခ်မချတာ အကောင်းဆုံးပါပဲ။

ကိုယ့်ရဲ့ ကိုယ်ပိုင်သတင်းအချက်အလက်များကို ဆိုရှယ်မီဒီယာများပေါ်တွင် ဝေမျှခြင်းကို ရှောင်ကြဥ်ပါ

ပိုက်ဆံ Hackers

ယနေ့ခေတ်မှာ ဘာမဆို ဆိုရှယ်မီဒီယာပေါ်တင်မှ လူရာဝင်မယ်လို့ ထင်တတ်ကြပါတယ်။ ကွီးတို့ကို အွန်လိုင်းပေါ်က မသမာသူတွေက စောင့်ကြည့်နေတယ်ဆိုတာကို သတိရပါ။ ထမင်းစား၊ ရေသောက်ကအစ တင်နေရင်တော့ ကွီးတို့က ကိုယ့်သေတွင်းကို ကိုယ်တူးနေတာနဲ့အတူတူပါပဲ။ လျှို့ဝှက်ထားသင့်တဲ့အရာကို လျှို့ဝှက်ထားပါ။ ဒါမှသာ ဒီလိုအန္တရာယ်များတဲ့ ခေတ်ကြီးထဲမှာ လုံခြုံမှာပါ။

ဒေါင်းခိုင်းတိုင်း မဒေါင်းပါနဲ့

ပိုက်ဆံ Hackers

လတ်တလောမှာ ဖြစ်ပွားသွားတဲ့ ကိစ္စဆိုရင် အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုကို ငှားရမ်းရာကနေ ကိုယ့်ရဲ့ မှတ်ပုံတင်နံပါတ်များ၊ ဖုန်းနံပါတ် အစရှိတဲ့ ကိုယ်ပိုင် သတင်းအချက်အလက်များကို ဖြည့်ရာကနေ သူတို့ ဒေါင်းခိုင်းတဲ့ App ကို ဒေါင်း အစရှိတဲ့အချက်များကြောင့် ဘဏ်ထဲမှာရှိတဲ့ ပိုက်ဆံတွေ ပြောင်သလင်းခါသွားတဲ့အဖြစ်မျိုး ဖြစ်ပွားသွားပါတယ်။ တကယ်တော့ သူတို့ဒေါင်းခိုင်းတဲ့ App က ဘဏ်ကနေ ကိုယ့်ဖုန်းထဲဆီသို့ ပေးပို့တဲ့ မက်ဆေ့ချ်များကို ကြားထဲကနေ ဖြတ်ယူသွားတဲ့ App မျိုးဖြစ်ပါတယ်။ ထိုကဲ့သို့ App မျိုးအပြင် ကိုယ့်ဖုန်းစခရင်မ်ကို မသမာသူတွေ တိုက်ရိုက်မြင်နိုင်တဲ့ Screen Share App မျိုးလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ လုပ်ရမယ့်အချက်ကတော့ ဘယ်သူဒေါင်းခိုင်း ဒေါင်းခိုင်း၊ မဒေါင်းမိဖို့ လိုအပ်ပါတယ်။

ပတ်စ်ဝေါ့များ ပင်နံပါတ်များကို ကိုယ့်ရဲ့ မွေးနေ့နှင့် ခန့်မှန်းရလွယ်သော အရာများ မပေးထားပါနဲ့

ပိုက်ဆံ Hackers

ပတ်စ်ဝေါ့ မှတ်ရတာ ခက်လို့ဆိုပြီး ကိုယ့် မွေးနေ့ကို အလွယ်တကူ ပတ်စ်ဝေါ့ ပေးပစ်တာမျိုးတွေကို ရှောင်ကြဥ်သင့်ပါတယ်။ ဒါ့အပြင် လွယ်ကူရိုးရှင်းတဲ့ PIN နံပါတ်များလည်း မပေးမိဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင်တော့ မသမာသူတွေက အလွယ်တကူ ခန့်မှန်းမိသွားပြီး ကွီးတို့ ဘဏ်အကောင့်ထဲက ခြစ်ကုတ်စုထားတဲ့ ပိုက်ဆံများ ပြောင်သလင်းခါသွားပါလိမ့်မယ်။

ဒီအချက်တွေအပြင် ကွီးတို့ သိထားတဲ့ ဆောင်ရန် ရှောင်ရန်အချက်တွေရော ရှိဦးမလား။ ရှိရင် အခြားသူတွေ မသမာသူတွေကြောင့် ခံရတဲ့အဖြစ်မျိုးကနေ ကင်းဝေးအောင် ဝေမျှခဲ့ပါဦး။

Source: Bankrate

Featured Image: Freepik