ပျှမ်းမျှအားဖြင့် အမျိုးသား တစ်ယောက်ရဲ့ ပုံမှန် ဖွားဖက်တော် အရွယ်အစားဟာ ၄.၆ လက်မကနေ ၅.၂ လက်မ ဝန်းကျင်ခန့် ရှိပါတယ်။ ဒါပေမယ့် စာရေးသူတို့ အမျိုးသား အများစုကတော့ ကိုယ့်ပစ္စည်းကိုယ် သိပ်ပြီး အားရကျေနပ်မှု မရှိကြပါဘူး။ ဒါဆို အမျိုးသမီးတွေ Side ကနေ တစ်ချက်လောက် တွေးကြည့်ရအောင်ပါ။ အမျိုးသားတွေရဲ့ ၅ လက်မဝန်းကျင် အရွယ်အစားဟာ အမျိုးသမီးတစ်ယောက်အတွက်ရော ကျေနပ်မှု ရှိစေပါ့လား ? ဒီမေးခွန်းကို မဖြေခင်မှာ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် ဖွဲ့စည်းပုံ ၊ မိန်းမကိုယ် အတိမ်အနက် စတာတွေအကြောင်း အရင်ဆုံး ပြောပြပေးပါမယ်။
Photo : Love Wellness
ပထမဆုံး အနေနဲ့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် ဖွဲ့စည်းမှု ပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက်အပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ မိန်းမကိုယ်ရဲ့ အတွင်း/အပြင် နှုတ်ခမ်းသား ၊ နှုတ်ခမ်းသား ဖွဲ့စည်းပုံ အသွင်အပြင်/အရောင် နဲ့ မိန်းမကိုယ် အင်္ဂါအစေ့ စတာတွေ အား လုံးဟာ လူတစ်ယောက်စီအလိုက် မတူညီနိုင်ပါဘူး။ မိန်းမကိုယ် အတွင်းပိုင်းမှာက တစ်သျှူးများစွာနဲ့ ဖွဲ့စည်းထားပြီး အလိုက်အလျောက် ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသလို အခြေအနေ အချိန်အခါ အပေါ်မူတည်ပြီး မိန်းမကိုယ် အကျယ်နဲ့ အတိမ်အနက်ဟာ ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။
ဥပမာအားဖြင့် လိင်စိတ်နိုးကြားလာချိန်မှာ မိန်းမကိုယ်အတွင်း သွေးစီးဆင်းမှု ပိုမိုရရှိတဲ့အတွက် မိန်းမကိုယ်ရဲ့ မူလ အတိမ်အနက်ထက်ကို ပို ရှည်စေပြီး ပိုလည်း ကျယ်လာစေပါတယ်။ ဒါကြောင့် လိင်စိတ်နိုးကြားနေချိန် လိင်တံ သို့မဟုတ် လူကြီးကစားစရာတွေကို အလွယ်တကူပဲထည့်သွင်းဆက်ဆံလို့ရတာ ဖြစ်ပါတယ်။ သုတေသန ပြုချက်တွေအရတော့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် အတွင်းပိုင်း အတိမ်အနက်ဟာ ပျှမ်းမျှအားဖြင့် ၂ လက်မ ကနေ ၅ လက်မကြား (၅ စင်တီမီတာ ကနေ ၁၃ စင်တီမီတာ) ရှိပြီး အကျယ်ကတော့ ၃.၆ လက်မ ဝန်းကျင် ရှိတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေမှာ အသက်ကြီးလာတာနဲ့အမျှ မိန်းမကိုယ် ပြင်ပအသွင်အပြင် ၊ နှုတ်ခမ်းသားတွေရဲ့ ဖွဲ့စည်းမှုပုံစံ ၊ နှုတ်ခမ်းသား အရောင်တွေဟာ ပြောင်းလဲမှုအနည်းငယ် ရှိလာနိုင်ပေမယ့် မိန်းမကိုယ် အတွင်းပိုင်း ဖွဲ့စည်းမှု ပုံစံကတော့ မပြောင်းပါဘူး။ အမျိုးသမီးတွေအနေနဲ့ ကလေးမွေးပြီးနောက်ပိုင်းမှာ မိန်းမကိုယ် အတွင်းပိုင်း အတိမ်အနက်ဟာ ပြောင်းလဲသွားတက်တယ်လို့ ထင်ရပေမယ့် တကယ်တော့ ကလေးမွေးပြီး သူတွေနဲ့ ကလေး မမွေးရသေးသူတွေကြားမှာ မိန်းမကိုယ် အတွင်းပိုင်း အတိမ်အနက်ဟာ ကွာခြားမှုမရှိဘူးလို့ လေ့လာမှုတွေက ဆိုထားပါတယ်။
Photo : The Gynae Centre
ပုံမှန်အားဖြင့် အမျိုးသားတွေရဲ့ ဖွားဖက်တော် အရှည်ဟာ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် အတွင်းပိုင်း အနက်ထက် အနည်းငယ် ပိုရှည်လေ့ရှိပြီး အရမ်းကြီး ရှည်လွန်း ၊ ကြီးလွန်းတဲ့ လက်နက် အရွယ်အစားနဲ့ဆို သားအိမ်ခေါင်းကို သွားရောက် ထိမိနိုင်တဲ့အတွက် နာကျင် သို့မဟုတ် မသက်မသာ ခံစားရနိုင်ပါတယ်။ ဒါကြောင့်ပဲ အမျိုးသမီးတွေအတွက် အမျိုးသား တစ်ယောက်ရဲ့ ပုံမှန် ၅ လက်မဝန်းကျင် လက်နက်အရွယ်အစားဟာ ယေဘုယျအားဖြင့် အနေတော်ပဲလို့ သတ်မှတ်လို့ ရပါတယ်။
ချစ်တင်းနှောချိန်မှာ လက်နက် အရွယ်အစားထက် တစ်ယောက်နဲ့တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ကောင်းကောင်းရှိပြီး တစ်ယောက်ရဲ့ အကြိုက် ၊ လိုအင်ဆန္ဒတွေကို ကောင်းစွာသိရှိနားလည်ကာ အပေးအယူ မျှမျှ အချစ်ပင်လယ်ကြီးထဲ တက်ညီလက်ညီ လွင့်မြောကြမယ်ဆိုရင်ပဲ အပြန်အလှန် စိတ်ကျေနပ်မှု ကောင်းကောင်း ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
Source : MedicalNewsToday
Featured Photo : Man Matters