လုပ်ငန်းခွင်မှာဖြစ်စေ ၊ လူမှုပတ်ဝန်းကျင်မှာဖြစ်စေ ပြောဆို ဆက်ဆံ ပေါင်းသင်းတတ်ဖို့ လိုပါတယ်။ ဒါ့အပြင် မိမိ ဆက်ဆံရတဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပေါင်းသင်းတတ်ဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းခွင် အတွင်း ပေါင်းသင်းဆက်ဆံရေး စွမ်းရည် ကောင်းမွန်ခြင်းက အောင်မြင်မှု ရရှိရန် လိုအပ်သော အခြေခံအရည်အချင်းများ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။ ဒါ့ကြောင့် အချို့သော လုပ်ငန်းရှင်များက ၎င်းတို့ရဲ့ လုပ်ငန်းလိုအပ်ချက်အရ အလုပ်ခေါ်စာမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမယ်ဆိုတဲ့ အချက်ကို အလေးထားထည့်သွင်းထားတာ တွေ့ရမှာပါ။ ဒါ့ကြောင့် ကွီးတို့လုပ်ငန်းခွင်အတွက် ဖြစ်စေ ၊ ဘဝ တိုးတက်မှုအတွက်ဖြစ်စေ မဖြစ်မနေလိုအပ်တဲ့ ပေါင်းသင်းဆက်ဆံရေး ကို ပိုမို တိုးတက် ကောင်းမွန်လာစေမဲ့ နည်းလမ်းကောင်းလေးများကို ဒီ ဆောင်းပါးလေးမှာ ဖော်ပြပေးချင်ပါတယ်။
(၁) တစ်ပါးသူ ပြောတာကို အလေးထားနားထောင်ပါ

Photo : Tough Nickel
ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် ပေါင်းသင်း ဆက်ဆံပြောဆိုရာမှာ အဓိကကျတဲ့ အချက်ကတော့ သူတစ်ပါး ပြောဆိုတာကို အလေးအနက်ထား နားထောင်ပေးခြင်းပါပဲ။ တစ်ဖက်လူ ပြောဆိုတာကို အလေးထား နားထောင်ခြင်းက ထိုသူကို လေးစားမှုရှိကြောင်း ဖော်ပြရာလည်း ရောက်ပါတယ်။ ကွီးတို့ရဲ့ အထက်လူကြီးနဲ့ ပြောဆိုသည့်အခါ ဖြစ်စေ ၊ လက်အောက်ငယ်သားနဲ့ ပြောဆိုဆက်ဆံသည့်အခါ ဖြစ်စေ ဒီအချက်ကို လိုက်နာပါ။ အဓိက ရှောင်ကြဉ်ရမှာကတော့ စကားပြောနေစဉ် အီးမေးလ်ပို့ခြင်း ၊ ဖုန်းကြည့်ခြင်း စသည်တို့ကို မလုပ်မိပါစေနဲ့။
(၂) ကိုယ်ပြောဆို ဆက်ဆံသူက အရေးကြီးပါတယ်

Photo : All Pro Dad
ပေါင်းသင်းဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်လာစေဖို့ လိုက်နာသင့်တဲ့ အချက်ထဲမှာ မိမိပြောဆို ဆက်ဆံနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူလဲ ဆိုတာလည်း အရေးကြီးပါတယ်။ ကွီးတို့ရဲ့ အပေါင်းအသင်း ၊ မိတ်ဆွေတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ပေါ့ပေါ့ပါးပါး ဆက်ဆံပြောဆိုနိုင်သော်လည်း ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် ၊ အထက်လူကြီးတို့နဲ့ ဆက်ဆံသည့်အခါမှာတော့ အလွတ်သဘောဆောင်တဲ့ ပေါ့ပေါ့ပါးပါးပုံစံ ပြောဆိုဆက်ဆံလို့မရပါဘူး။ လေးစားမှုရှိတဲ့ ပြောဆိုဆက်ဆံမှု ဖြစ်သင့်ပါတယ်။
(၃) ပြောဆိုဆက်ဆံမှု ပုံစံ ကိုအလေးထားပါ

Photo : Forbes
ကွီးတို့ရေ မျက်နှာချင်းဆိုင် တွေ့ဆုံမှုများဖြစ်စေ ၊ ဗီဒီယို ကွန်ဖရင့်များဖြင့် ဖြစ်စေ ပြောဆိုဆက်ဆံတဲ့ အခါ လက်ဟန်ခြေဟန် ထည့်သွင်းမှု ပုံစံကလည်း အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ စကားပြောဆိုသည့်အခါ ပွင့်လင်းပြီး ယဉ်ကျေးမှုရှိသော လက်ဟန်ခြေဟန် ဖြင့် တုန့်ပြန်ပြောဆိုခြင်းက ကွီးတို့ ပြောဆိုနေတဲ့ အကြောင်းအရာပေါ်မှာ အာရုံစူးစိုက်မှု အပြည့်ရှိကြောင်း ဖော်ပြပေးရာ ရောက်ပါတယ်။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်စေဖို့အတွက် ဆက်ဆံပြောဆိုရာမှာ Eye Contact ရှိဖို့လည်း လိုအပ်ပါတယ်။ Eye Contact ရှိခြင်းဖြင့် ကွီးတို့အနေနဲ့ တစ်ဖက်လူနဲ့ ပြောဆိုဆက်ဆံမှုအပေါ် အာရုံစိုက်မှုရှိကြောင်း ပေါ်လွင်စေပါတယ်။
(၄) အကောင်းမြင်စိတ်ထားရှိပြီး ပြုံးပါ

Photo : Pexels
လူ့အဖွဲ့အစည်းထဲမှာ အကောင်းမြင်စိတ်ရှိသူဟာ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ဖို့ မခက်ခဲပါဘူး။ အပျက်သဘောဆောင်သော အတွေးအမြင်များနဲ့ Negative Vibe ရှိသူများနဲ့ ဘယ်သူမှ ရေရှည်ပေါင်းသင်း ဆက်ဆံချင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အကောင်းမြင်စိတ်ရှိခြင်းက ဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ အတွက်များစွာသော ကောင်းကျိုးကို ဖြစ်စေပါတယ်။ နောက်တစ်ချက် အနေနဲ့ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ အပြင်လူမှုဘဝမှာ ဖြစ်စေ ၊ တစ်စုံတစ်ဦးကို စစ်မှန်သော အပြုံးတစ်ခု ပေးဆောင်ခြင်းက တစ်ဖက်သားအတွက် စိတ်ခံစားချက် ကောင်းစေသလို ကွီးတို့အတွက် ကွီးတို့ကို နှစ်လိုဖွယ်ကောင်းတဲ့ ပုံရိပ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကွီးတို့အနေနဲ့ မကြာခဏ ပြုံးပြီး အပြုသဘောဆောင်တဲ့ သဘောထားနဲ့ အကောင်းမြင်စိတ်ကို ထုတ်ဖော်တဲ့အခါ လူတွေက အပြုသဘော ပြောဆို တုံ့ပြန်လာပါလိမ့်မယ်။
(၅) စကားမပြောခင် စဉ်းစားပါ

Photo : Peaceful Mind
စကားဟာ ကျွံသွားရင်သော်လည်းကောင်း ၊ လွန်သွားရင်သော်လည်းကောင်း ပြန်လည် ပြင်ဆင်ဖို့ မလွယ်ပါဘူး။ စကားတစ်ခု မှားသွားရင် ကွီးတို့ တည်ဆောက်ထားတဲ့ ပေါင်သင်းဆက်ဆံရေး တစ်ခုလုံး ပျက်စီးနိုင်တဲ့ အဆင့်ထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ စကားမပြောခင် စဉ်းစားပါ။ စကားဝိုင်းတစ်ခုထဲမှာ စကားမပြောခင် အမြဲ ခေတ္တရပ်ပြီး စိတ်ထဲပေါ်လာတဲ့ ပထမဆုံးအရာကို မပြောပါနဲ့။ ခဏလောက်အချိန်ပေးပြီး ပြောမဲ့စကားအပေါ်မှာ သေချာအာရုံစိုက်ပါ။ အရေးကြီးသော စကားဝိုင်းများ ၊ အရေးကြီး ပုဂ္ဂိုလ်များနဲ့ ပြောဆိုဆက်ဆံတဲ့ နေရာမှာ ဒီအချက်ကို အထူး အလေးထားသင့်ပါတယ်။
ကွီးတို့ရေ ပေါင်းသင်းဆက်ဆံရေး တိုးတက် ကောင်းမွန်ခြင်းက ကွီးတို့ရဲ့ လုပ်ငန်းခွင်တွင် ဖြစ်စေ ၊ လုပ်ငန်းခွင်ပြင်ပ လူမှု ဆက်ဆံရေးအတွက် ဖြစ်စေ အမှန်တကယ်ပင် ကောင်းမွန်သော သက်ရောက်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက ကွီးတို့ရဲ့ ပေါင်းသင်းဆက်ဆံရေး စွမ်းရည် ကောင်းမွန်လာစေဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။
Source : Man Power Group
Featured Photo : Ladders
