ပေါင်းသင်းဆက်ဆံရေး စွမ်းရည်ဆိုတာ ဘယ်လိုနယ်ပယ်မှာမဆို အရေးကြီးပါတယ်။ ကျောင်းသားပင်ဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းပင်ဖြစ်စေ၊ စီးပွားရေးသမားပင်ဖြစ်စေ ကိုယ်ကျင်လည်ရာ အဖွဲ့အစည်းမှာ လူတွေနဲ့ ဆက်ဆံနေရသရွေ့ ပေါင်းသင်းဆက်ဆံရေးက အရေးကြီးပါတယ်။ ဘယ်လိုနေရာမှာမဆို လိုက်လျောညီထွေဖြစ်အောင် ပေါင်းသင်းဆက်ဆံတတ်ခြင်းက အရည်အချင်းတစ်ခုပါ။ လူတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံခြင်းပုံစံက ၎င်းအတွက် အကြီးမားဆုံး အားသာချက်ဖြစ်နိုင်သလို၊ အကြီးမားဆုံး အားနည်းချက်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအချက်က လုပ်ငန်းခွင် ဝင်နေတဲ့ သူများအတွက် သိသာတဲ့အချက်ပါ။ ဒီဆောင်းပါးလေးမှာတော့ ပေါင်းသင်းဆက်ဆံရေးမှာ ဆရာကျချင်တဲ့ ညိုကီတို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
တတ်ကြွစွာ နားထောင်ခြင်း
Photo : Medium
တစ်ဖက်လူနဲ့ စကားပြောဆိုရာမှာ မည့်ကဲ့သို့ စကားဝိုင်းပင်ဖြစ်စေကာမူ တတ်ကြွစွာ အာရုံစူးစိုက်ပြီး အလေးထားနားထောင်ပေးပါ။ ဒီလိုနားထောင်ခြင်းက ပေါင်းသင်းဆက်ဆံရေးကောင်းသူတို့ရဲ့ လက္ခဏာများထဲက တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ထိုသူကို လေးစားမှု အပြည့်အဝပေးရာလည်း ရောက်ပါတယ်။ ဒီအချက်ကို ကိုယ့်ရဲ့အထက်လူကြီးဖြစ်စေ၊ လက်အောက်ငယ်သားဖြစ်စေ၊ သူငယ်ချင်းကို ဖြစ်စေ ပြောဆိုဆက်ဆံရာမှာ ဒီအချက်ကို လိုက်နာပါ။
ယဉ်ကျေးသော အမူအရာ ရှိခြင်း
Photo : NY Post
ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးဖို့လည်း လိုအပ်ပါတယ်။ မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံရာမှာ ဖြစ်စေ၊ ဗီဒီယို ကွန်ဖရင့်များဖြင့် ဖြစ်စေ ပြောဆိုဆက်ဆံတဲ့ အခါကိုယ့်ရဲ့ လက်ဟန်ခြေဟန် ယဉ်ကျေးနေပါစေ။ ကွီးတို့အနေနဲ့ စကားပြောဆိုသည့်အခါ ပွင့်လင်းပြီး ယဉ်ကျေးမှုရှိသော လက်ဟန်ခြေဟန် ဖြင့် တုန့်ပြန်ပြောဆိုခြင်းက ကွီးတို့ ပြောဆိုနေတဲ့ အကြောင်းအရာပေါ်မှာ အာရုံစူးစိုက်မှု အပြည့်ရှိကြောင့် ဖော်ပြပေးရာရောက်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ တစ်ပါးသူပြောတာကို အလေးထားနားထောင်ပြီး လေးစားမှုကို ပြသဖို့ Eye Contact ရှိဖို့လည်း လိုအပ်ပါတယ်။
Body Language ကို အသုံးချတတ်ခြင်း
Photo : The Muse
တစ်စုံတစ်ယောက်နှင့် စကားပြောသည့်အခါ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် အနေအထားကလည်း ဆက်သွယ်မှုပုံစံတစ်ခု ဖြစ်ပါတယ်။ စကားမဟုတ်သော ဆက်သွယ်မှုတွင် အခြားလူများနှင့် ဆက်သွယ်တဲ့နေရာမှာ အသံနေအသံထား၊ မျက်လုံးချင်းဆုံခြင်း၊ နှင့် လက်အမူအရာများ ပါဝင်ပါတယ်။ ဖော်ရွေသောလေသံနှင့် ပေါ့ပေါ့ပါးပါး ကိုယ်ဟန်အနေအထားသည် တစ်ဦးကိုတစ်ဦး ချဉ်းကပ်ရလွယ်ကူစေပြီး ခင်မင်ရင်းနှီးမှုကို မြန်ဆန်စေပါတယ်။ ဒီအချက်က ကွီးတို့လုပ်ဖော်ကိုင်ချက် အချင်းချင်း၊ မိတ်ဆွေများနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။
စကားပြောဆိုရာမှာ သတိထားခြင်း
Photo : Crosswalk
ကွီးတို့အနေနဲ့ စကားမပြောခင် စဉ်းစားပါ။ အထူးသဖြင့် အရေးကြီးကိစ္စများကို ပြောဆိုရာမှာ သတိထားဖို့ လိုပါတယ်။ စကားဟာ ကျွံသွားရင်သော်လည်းကောင်း၊ လွန်သွားရင်သော်လည်းကောင်း ပြန်လည် ပြင်ဆင်ဖို့ မလွယ်ပါဘူး။ စကားတစ်ခု မှားသွားရင် ကွီးတို့တည်ဆောက်ထားတဲ့ ပေါင်သင်းဆက်ဆံရေး တစ်ခုလုံး ပျက်သုန်းတဲ့ အဆင့်ထိဖြစ်နိုင်ပါတယ်။ စကားဝိုင်းတစ်ခုထဲမှာ စကားမပြောခင် အမြဲ ခေတ္တရပ်ပြီး စိတ်ထဲပေါ်လာတဲ့ ပထမဆုံးအရာကို မပြောပါနဲ့။ ခဏလောက်အချိန်ပေးပြီး ပြောမဲ့စကားအပေါ်မှာ သေချာအာရုံစိုက်ပါ။ အရေးကြီးသော စကားဝိုင်းများ၊ အရေးကြီး ပုဂ္ဂိုလ်များနဲ့ ပြောဆိုဆက်ဆံတဲ့ နေရာမှာ ဒီအချက်ကို အထူး အလေးထားသင့်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ပေါင်းသင်းဆက်ဆံရေးမှာ ဆရာကျချင်တဲ့ ညိုကီတို့အတွက် သိထားသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့အရည်အချင်းကို ပေါ်လွင်အောင် ပြုလုပ်နိုင်တာလည်း ရှိသင့်တဲ့ စကေးတစ်ခုပါပဲ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း ဒီလိုပါပဲ။ ကွီးတို့အနေနဲ့ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ လူအများနဲ့ အဆင်ပြေအောင် လိုက်လျောညီထွေစွာ ပြုမူနေထိုင်တတ်ရင် ကွီးတို့ ဘဝတိုးတက်ရေးအတွက် အထောက်အကူပြုမှာ အသေအချာပါပဲ။
Featured Photo : Jobscan