ကျွန်တော်တို့တတွေဟာ အသက်တွေ ကြီးလာတာနဲ့အမျှ ပျော်ရွှင်မှုတွေ နည်းပါးလာတယ်လို့ ခံစားကြရတယ် မဟုတ်လား။ ဒါက ကွီးတို့တစ်ယောက်တည်း မဟုတ်ပါဘူး။ သက်ရှိလူသားတွေအားလုံး အသက်ရှင်နေထိုင်ဖို့ နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ ပင်ပန်းလွန်းတဲ့ အလုပ်တာဝန်တွေ ၊ ဘဝရည်မှန်းချက်တွေ ပြည့်မီဖို့ စိတ်ရောကိုယ်ပါနစ်မွန်းပြီး ကြိုးစားရမှုတွေနဲ့အတူ တစ်ခါတစ်လေမှာ ဘဝရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာကို ပျောက်ဆုံးလာကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဘယ်လောက်ခက်ခဲပင်ပန်းတဲ့ ဘဝကိုဖြတ်သန်းနေရပါစေ ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။ ကွီးတို့ရော နောက်ဆုံး စစ်မှန်စွာ ပျော်ခဲ့ရတဲ့ အချိန်တွေကို မှတ်မိပါသေးရဲ့လား။ ပျော်တယ်ဆိုတဲ့ ခံစားချက်ကြီး ပျောက်ဆုံးနေတာ ကြာပြီဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ ပျော်ရွှင်မှုကို ရှာပုံတော် ဖွင့်လိုက်ရအောင်ပါ။

(၁) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

man relaxing

Photo : The Fashionisto

ကျွန်တော်တို့ တော်တော်များများ အခြားသူတွေကို ဂရုစိုက်ဖို့ လွယ်သလောက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကိုတော့ မေ့နေတက်ကြပါတယ်။ ဘဝမှာ ကိုယ့်အတွက် စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာတွေ့ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့ပါနဲ့။ သေးငယ်တဲ့ အခိုက်အတန့်လေးတွေကိုပင် နေ့စဉ် ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှုပ်နှံထားသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မိလာတာနဲ့အမျှ ကိုယ့်အကြောင်းကို ပိုမိုသိမြင်လာပြီး ကိုယ့်ရဲ့ပျော်ရွှင်မှုကဘာလဲဆိုတာ သုံးသပ်နိုင်လာမှာပါ။ ဒါကြောင့် ပျော်ရွှင်မှုကို ရှာပုံတော် ဖွင့်တဲ့ ခရီးစဉ်မှာ အရင်ဆုံး လုပ်ရမယ့် တာဝန်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာပဲ ဖြစ်ပါတယ်။

(၂) ပျော်ရွှင်စေမယ့် ဝါသနာကို ရှာပါ

man reading book

Photo : melissa jane cowan

တစ်နေ့တာမှာ အားလပ်ချိန် အများကြီး မရဘူးဆိုရင်တောင် ကိုယ့်အတွက် ပျော်ရွှင်မှုစစ်စစ်ကို ရှာပုံတော် ဖွင့်နိုင်ပါတယ်။ ဒါကဘာလဲဆို‌တော့ ကိုယ့်ကို အမှန်တကယ် ပျော်ရွှင်စေမယ့် အရာတွေကို အချိန်အနည်းငယ်ပေးပြီး လုပ်ဆောင်ဖို့ပါပဲ။ လူတိုင်းမှာ ဒါလေးလုပ်နေရင် ပျော်ရွှင်နေရတယ်ဆိုတဲ့ ဝါသနာကောင်းလေးတွေ အနည်းဆုံးတစ်ခုစီတော့ ရှိတက်ကြပါတယ်။ ကွီးတို့ရဲ့ ဝါသနာကရော ဘာဖြစ်မလဲ? ဒီလို ကိုယ့်အတွက် အမှန်တကယ် ပျော်ရွှင်ရစေမယ့် ဝါသနာတစ်ခုခုကို နေ့တိုင်း အချိန် ၁ နာရီလောက်ပဲ ပေးပြီး လုပ်ကြည့်ပါ။ အရင်ထက်ပို ပျော်ရွှင်လာစေမှာ အာမခံပါတယ်။

(၃) စိတ်အေးချမ်းမှုကို ရှာဖွေပါ

Yoga

Photo : Good Spa Guide

ပြောရရင် ကျွန်တော်တို့ရဲ့ အတွေးတွေက ကျွန်တော်တို့ရဲ့ တစ်နေ့တာ ပျော်ရွှင်မှုအပေါ်အများကြီး သက်ရောက်မှုရှိပါတယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေကို နေ့စဉ်နဲ့အမျှ တွေးနေမိခြင်းဟာ ရေရှည်မှာ စိတ်ခံစားချက်တွေကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အပေါ် လွှမ်းနေတဲ့ အဆိုးမြင်စိတ်တွေရှိတယ်ဆိုရင် ဒီနေ့ပဲစွန့်လွှတ်ဖို့ ကြိုးစားပါ။ လက်ရှိ ပစ္စုပ္ပန်မှာ အသက်ရှင်နေထိုင်ပြီး ကွီးတို့လုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက် နောင်တရနေမယ့်အစား ကွီးတို့ ပိုင်ဆိုင်ထားတဲ့ အရာတွေကို ပိုတန်ဖိုးထားလိုက်ပါ။ စိတ်ရဲ့အေးချမ်းတည်ငြိမ်မှုရအောင် တစ်ရက်ကို နာရီဝက်လောက် တရားထိုင်ပေးနိုင်ပါတယ်။ ဒါဆိုရင် စိတ်အေးချမ်းမှုရပြီး ပျော်ရွှင်မှု အစစ်အမှန်ကို ရှာတွေ့နိုင်ပါလိမ့်မယ်။

(၄) တခြားသူတွေကို ပြန်လည်မျှဝေပေးပါ

Photo : Criminon

ကွီးတို့ရဲ့ ဘဝကို ပိုပျော်ရွှင်စေမယ့် နည်းလမ်းတစ်ခုက တခြားသူတွေကို ပြန်လည်မျှဝေတာပါပဲ။ ပေးကမ်းစွန့်ကြဲခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်အာရုံကြောအပေါ် ပျော်ရွှင်မှု တိုက်ရိုက်သက်ရောက်စေနိုင်ပြီး စေတနာနဲ့ ကြင်နာမှုတို့ဟာ ကွီးတို့ဘဝထဲသို့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေ ရောက်ရှိလာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ယောက်ကို ၎င်းတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် တက်နိုင်တဲ့ဖက်က ကူညီပေးပါ။ အားလပ်ချိန်မှာ အဖွဲ့အစည်းတစ်ခုခုအတွက် စေတနာ့ဝန်ထမ်းလုပ်ပါ။ လူတွေတန့်ပြန်တဲ့ ကျေးဇူးတရားတစ်ခုတည်းက ကွီးတို့ကို ပိုပျော်ရွှင်စေနိုင်ပါတယ်။

ဒီအချက်တွေ လိုက်နာပြီး ကွီးတို့ဘဝထဲက ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုကို ရှာပုံတော် ဖွင့်လိုက်ပါဗျို့။

Featured Photo : Mind Journals