ထိုင်းနိုင်ငံဟာ တစ်နှစ်ပတ်လုံး ပျော်ပွဲရွှင်ပွဲတွေ ၊ ရာသီအလိုက် ပွဲတော်တွေ ၊ ရိုးရာဓလေ့ ပွဲအခမ်းအနားတွေနဲ့ လာရောက်လည်ပတ်သူတွေ ဆွဲဆောင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Festivals တွေ ၊ စိတ်ဝင်စားစရာ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် ပွဲတော်တွေဆီ သွားရောက်လည်ပတ်ချင်တဲ့ ပွဲကြိုက်ခင် တို့အတွက်တော့ ထိုင်းနိုင်ငံဟာ သေချာပေါက် ခရီးသွားသင့်တဲ့ နိုင်ငံတစ်ခုပါပဲ။ ဒီဆောင်းပါးမှာတော့ ထိုင်းနိုင်ငံတလွှားက စိတ်ဝင်စားဖို့ကောင်းတဲ့ Festivals တွေ ၊ ပျော်ပွဲရွှင်ပွဲတွေအကြောင်း တင်ဆက်ပေးပါမယ်။
(၁) Ubon Ratchathani ဆီမီးပွဲတော်
Photo : klook.com
သြဂုတ်လထဲမှာ ကျင်းပလေ့ရှိတဲ့ Ubon Ratchathani ဆီမီးပွဲတော်ဟာ ထိုင်းနာမည်မှာ တော်တော်လေး နာမည်ကြီးပါတယ်။ အနုစိတ်ဖန်တီးထားတဲ့ ဒေသခံလက်မှုပညာတွေရဲ့ ဖယောင်းပန်းပုတွေကို မြင်တွေ့ခံစားရမှာ ဖြစ်သလို ဗုဒ္ဓဘာသာ အယူအဆ ဓလေ့ထုံးတမ်းတွေ ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ထိုင်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
(၂) Phuket သားသတ်လွတ်ပွဲတော်
Photo : klook.com
ထိုင်းနိုင်ငံ Phuket ကတော့ နာမည်ကြီး ကမ်းခြေတွေနဲ့ စည်းကားမြို့ပြ ပုံရိပ်တွေကြောင့် နိုင်ငံခြား ခရီးသွားတွေကြားမှာ ရေပန်းစားပါတယ်။ Phuket မှာ အောက်တိုဘာ ၁၄ ရက်မှ ၂၃ ရက်အတွင်း တရုတ်ရိုးရာဓလေ့ သားသတ်လွတ် ပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ဟာ အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို ပွဲတော်ကာလအတွင်းမှာ အသားရှောင်ခြင်းဖြင့် မိမိတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်စေပြီး ကုသိုလ်ယူကြတာ ဖြစ်ပါတယ်။ ပွဲတော်အတွင်းမှာ လတ်ဆတ်တဲ့ ဒေသထွက် အသီးအနှံတွေ ၊ သားသတ်လွတ် စားသောက်ဖွယ်ရာကို တည်ခင်းရောင်းချပါတယ်။
(၃) Naga Fireball ပွဲတော်
Photo : klook.com
Naga Fireball ပွဲတော်ကို Mekong Lights လို့ လူသိများပါတယ်။ နှစ်စဉ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိပြီး ဒဏ္ဍာရီလာ သတ္တဝါတွေ ဖြစ်တဲ့ နတ်မြွေတွေ ၊ နဂါးရုပ်ကြီးတွေနဲ့ ပွဲတော်အတွင်း အလှဆင်ထားပါတယ်။ လှပတဲ့ မီးရှူးမီးပန်းတွေကိုလည်း ပစ်ဖောက်လေ့ရှိပြီး မဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာ စားသောက်ဖွယ်ရာတွေ ၊ မီးရှုးမီးပန်းအလှတွေနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိပါတယ်။
(၄) Yi Peng မီးပုံးပွဲတော်
Photo : klook.com
နိုဝင်ဘာလမှာ ကျင်းပလေ့ရှိတဲ့ Yi Peng မီးပုံးပွဲတော်ကတော့ ပွဲကြိုက်ခင် တို့ သေချာပေါက် သွားလည်သင့်တဲ့ ထိုင်းနိုင်ငံတလွှားက အခမ်းအနားဆုံး ပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ်။ Yi Peng မီးပုံးပွဲတော်ဟာ ကြမ္မာဆိုးတွေကနေ လွတ်မြောက်ခြင်းနဲ့ ကောင်းခြင်းတွေကို ပြန်လည်အစပြုခြင်းဆိုတဲ့ အတိတ်နမိတ်တွေကို ကိုယ်စားပြုတဲ့ အနေနဲ့ ညအချိန် ကောင်းကင်ယံမှာ မီးပုံးပေါင်းများစွာ လွှတ်တင်ကြတာပါ။ လပြည့်ညရဲ့ လရောင်အောက်မှာ ခမ်းနားစွာ လွင့်ပျံနေတဲ့ မီးပုံအလှတွေကို ခံစားခြင်း ကောင်းခြင်းနမိတ်တွေကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ Yi Peng မီးပုံးပွဲတော်ကို နိုဝင်ဘာလ ၂၇ ရက်မှ ၂၈ ရက်အထိ ထိုင်းလူမျိုးတို့ရဲ့ ယဉ်ကျေးမှု ဖျော်ဖြေပွဲတွေနဲ့အတူ စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိပါတယ်။
Source : klook.com
Featured Photo : 500px ISO