ဘီယာကို သူ့ချည်းပဲ သောက်နေရတာ ငြီးငွေ့ဖွယ် ကောင်းနေလောက်ရောပေါ့။ ဒါဆိုရင် ဖရဲသီး နဲ့ ရောစပ်ကာ ဖျော်စပ်ရင်း အရသာရှိတဲ့ သစ်သီး ဘီယာ တစ်ခွက် ရရှိအောင် မဖျော်သောက်ချင်ကြဘူးလား။
ဒီဘီယာ ဖျော်စပ်ဖို့ရန်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းကလည်း သုံးမျိုးတည်း လိုအပ်တာပါ။ ဒါ့အပြင် သုံးမိနစ်တည်းနဲ့ အပြီး ဖျော်စပ်နိုင်ပါတယ်။ ပါဝင်ပစ္စည်းကလည်း မိမိအိမ်မှာရှိပြီးသားပစ္စည်းများကို အသုံးပြုနိုင်သလို ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် ကွီးတို့အားလုံး သဘောတွေ့ကြပါလိမ့်မယ်။
ပါဝင်ပစ္စည်းများ

- အတုံးခပ်သေးသေး တုံးထားသော ဖရဲသီးများ – ပန်းကန်လုံး တစ်လုံးခွဲစာ
- Vanilla Syrup စားပွဲတင်ဇွန်း ၁ ဇွန်း
- မိမိနှစ်သက်ရာ ဘီယာ တစ်မျိုး – စားပွဲတင်ဇွန်း ၁၂ ဇွန်း
ဘီယာကတော့ မိမိနှစ်သက်ရာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဖရဲသီးနဲ့ အလိုက်ဖက်ဆုံးဘီယာကတော့ Wheat Beer အမျိုးအစားပဲဖြစ်ပါတယ်။ Vanilla Syrup သည်လည်း စူပါမားကတ်များတွင် အလွယ်တကူဝယ်ယူနိုင်တဲ့အတွက်ကြောင့် ခက်ခက်ခဲခဲ ရှာနေစရာမလိုပါဘူး။ တကယ်လို့ ကွီးတို့အနေနဲ့ Vanilla Syrup မကြိုက်ဘူး၊ အဆင်သင့် အိမ်မှာ မရှိဘူးဆိုရင်တော့ ပျားရည်ကို အစားထိုး အသုံးပြုနိုင်ပါတယ်။
ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်ပါ။

၂။ ဖန်ခွက်အရှည်တစ်လုံးထဲတွင် ဖရဲသီးအတုံးများထည့်ကာ ဖရဲသီးများကို အနှစ်များရအောင် ခပ်ဖြည်းဖြည်းချင်း ကြိတ်ချေပေးလိုက်ပါ။

၃။ ထို့နောက် ဖရဲသီးအနှစ်များကို အစေ့နှင့် အဖတ်များ မပါစေဘဲ ဖရဲသီးအရည်သာရရှိအောင် စစ်ယူလိုက်ပါ။ ဖရဲသီးအရည် စားပွဲတင်ဇွန်း ၁၂ ဇွန်းခန့်ရရှိဖို့ လိုအပ်ပါတယ်။

၄။ နောက်တစ်ဆင့်အနေနဲ့ ဘီယာဖန်ခွက်ထဲသို့ Vanilla Syrup စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ဖရဲသီးအရည်များကို ထိုဖန်ခွက်ထဲ ပေါင်းထည့်လိုက်ပါ။
(ကွီးတို့အနေနဲ့ ဖန်ခွက်ထဲသို့ ရေခဲတုံး ထည့်ပြီးမှ သောက်သုံးနိုင်သလို၊ ဖန်ခွက်ကို ကြိုတင်အအေးခံထားပြီးမှ ထိုဖန်ခွက်ထဲသို့ အဆင်သင့် လောင်းထည့်နိုင်ပါတယ်။ ကိုယ့်ရဲ့ သောက်သုံးနေကျ ပုံစံအတိုင်း သောက်သုံးတာကတော့ အကောင်းဆုံး နည်းလမ်းပါပဲ။)

၅။ နောက်ဆုံးတစ်ဆင့်အနေနဲ့ ဘီယာများ ကို ခွက်အပြည့် အမြှုပ်များပါ တစ်ပါတည်း ပေါင်းထည့်ရပါမယ်။
ဒါဆိုရင်တော့ ကွီးတို့နှစ်သက်တဲ့ ဖရဲသီး ဘီယာ တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။ ဖရဲသီးစိပ် အစိပ်သေးသေးလေးကို ဘီယာ နှုတ်ခမ်းဝပေါ်မှာ အလှဆင်ပေးခြင်းအားဖြင့် ကွီးတို့ရဲ့ ဖရဲသီး ဘီယာ သည် သောက်ချင်စရာလေး ဖြစ်သွားမှာပါ။
Source: Thespruceeats
Featured Image: Greatist
