စမတ်ဖုန်း တွေဟာ တစ်နှစ်ထက် တစ်နှစ် မက်လောက်စရာကောင်းအောင် နည်းပညာအရရော ဒီဇိုင်းနဲ့ Features အရပါ အဆင့်အတန်းမြင့်လာကြပါတယ်။ စမတ်ဖုန်းတွေ နည်းပညာမြင့်လာမှုနဲ့အတူ ဖုန်းဈေးနှုန်းတွေကလည်း မြန်မာငွေနဲ့ဆို သိန်း ၂၀-၃၀ အထိ ပေါက်လာကြပြီ ဖြစ်ပါတယ်။ ဖုန်းအသစ်ဈေးတွေ မြောက်လာတာနဲ့အမျှ ကိုယ်လက်ရှိ ကိုင်နေတဲ့ ဖုန်းကို ရေရှည်သုံးနိုင်အောင် ထိန်းသိမ်းတဲ့ နည်းလမ်းလေးတွေလည်း သိထားဖို့ လိုလာပါတယ်။ ဖုန်းတစ်လုံး ကို ကြာကြာ အသုံးခံနိုင်အောင် လုပ်ဖို့က သိပ်ခက်လှတာ မဟုတ်ပါဘူး။ နည်းပညာနည်းနည်း သိရုံနဲ့တင် လုပ်လို့ ရပါတယ်။ အောက်မှာ သင့် ဖုန်းတစ်လုံး ကို ရေရှည်သုံးနိုင်အောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) App Update တွေ မတင်ဘဲ မနေနဲ့ ။ အရေးကြီးတယ်။

smartphone update

Photo : techadvisor

သင့်ဖုန်းကို အသစ်လို သွက်လက်နေစေဖို့ နဲ့ ပြဿနာမရှိဘဲ ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်ဖို့ဆို ဖုန်းထဲမှာ ထည့်ထားတဲ့ Third-Party Apps တွေနဲ့ Operating System ကို Update လုပ်ဖို့ အရေးကြီးပါတယ်။ Updates တင်ဖို့ကလည်း သိပ်မကြာပါဘူး။ ဒီ Updates တွေဟာ ဖုန်းထဲ ဝင်နေတဲ့ Bugs တွေ ရှင်းထုတ်နိုင်သလို လုံခြုံရေးအရ ပြဿနာတွေ ရှိရင်လည်း တစ်ခါတည်း ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။Android နဲ့ iPhone နှစ်မျိုးစလုံးမှာ App တွေကို သူ့အလိုလို Automatic Updates လုပ်နိုင်တဲ့ စနစ် Default ထားလို့ ရပါတယ်။

Android ဖုန်းဆို Google Play Store ဖွင့်ပြီး Menu ထဲက Settings ကို ရွေးပြီး Auto-Update Apps Options ကို ရွေးထားနိုင်ပါတယ်။ iPhone မှာဆို Settings > App Store ထဲ ဝင်ပြီး App Updates Option ကို On ထားရမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီ Feature ဟာ Low Power Mode မှာတော့ အလုပ် မလုပ်ပါဘူး။ System Update အတွက်ဆို Android ဖုန်း Settings ထဲကို သွားပြီး Software Update ကို စစ်ဆေးပြီး Update တင်ပေးရုံပါပဲ။ iPhone ပိုင်ရှင်တွေအတွက် Settings > Genera > Software Update ကို သွားပြီး တင်ရမှာပါ။ Automatic Updates တွေက လိုသလို ပိတ်/ဖွင့်လုပ်နိုင်ပါတယ်။

(၂) မသုံးတဲ့ Apps တွေ ဖယ်ရှားပါ

Apps

Photo : inventionland

ဖုန်းတွေမှာ Storage နဲ့ Memory က အကန့်အသတ်ရှိပြီးသားပါ။ မသုံးဘဲ ထည့်ထားမိတဲ့ Apps ကြောင့် RAM နဲ့ Storage နေရာပေးရပါတယ်။ ဒါတင်မဟုတ်ဘဲ ဖုန်း နောက်ကွယ်ကနေလည်း Run နေလို့ ဖုန်း Resources ကုန်သလို ဖုန်းလုပ်ဆောင်ချက်လည်း ပိုနှေးကွေးလာနိုင်ပါတယ်။ ဒါကြောင့် မသုံးဖြစ်တဲ့ Apps ဆို ဖုန်းထဲ မထည့်ဘဲနဲ့ Delete လုပ်ဖို့ အကြံပေးချင်ပါတယ်။ iPhone တစ်လုံးပေါ်မှာ Apps ဖယ်ရှားတာက မခက်ပါဘူး။ App ကို ကြာကြာဖိထားပြီးနောက် Remove App ကို ရွေးပြီး ဖယ်ရှားရုံပါပဲ။ Android Users တွေအတွက်တော့ ဖုန်း App ကို ကြာကြာဖိလိုက်ရင် Uninstall ဆိုတဲ့ Option ကို တွေ့ရမှာပါ။ App တွေ ပြွတ်သိပ်ထည့်ထားပြီး မသုံးဖြစ်တာမျိုးကို ရှောင်ပါ။ တစ်လတစ်ခါလောက်ဖြစ်ဖြစ် ဖုန်းထဲက မသုံးဖြစ်တဲ့ Apps တွေ ရှင်းထုတ်ပစ်ပါ။

(၃) Case ကောင်းကောင်း သုံးပါ

Case

Photo : gadgethacks

ဖုန်းတစ်လုံး မှာ သတိမထားမိတဲ့ အချက်တစ်ချက်က ဖုန်း Case ပါပဲ။ ဖုန်းကာဗာ Case က ဖုန်းထိခိုက်မှုကို ကာကွယ်ပေးနိုင်သလို တော်ရုံလွတ်ကျတာမျိုးကြောင့်လည်း အပျက်အစီးဖြစ်မှာ မဟုတ်ပါဘူး။ ဒါကလည်း ဖုန်းသက်တမ်းကို ဆွဲဆန့်နိုင်တဲ့ အချက်ထဲမှာ ပါပါတယ်။

(၄) ဖုန်း Screen နဲ့ Port တွေ သန့်ရှင်းရေးလုပ်ပါ

Smartphone Clean

Photo : Inc

ဖုန်းတစ်လုံး ကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဖြစ်အောင် ထားတာကလည်း ဖုန်းကို ကြာကြာအသုံးခံစေနိုင်ပါတယ်။ ဖုန်းမှာဆို မှန်ပြင် Screen ကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့ လိုသလို အားသွင်းပေါက် ၊ မိုက်ခရိုဖုန်း နဲ့ စပီကာနေရာ အပြင် နားကြပ်ပေါက်တွေမှာ အညစ် အကြေးတွေနဲ့ ဆို့ပိတ်မနေအောင် ဂရုတစိုက် သန့်ရှင်းပေးဖို့ အရေးကြီးပါတယ်။ ပုံမှန်ဆို သွားကြားထိုးတံလေး တစ်ချောင်းနဲ့တင် ရှင်းထုတ်လို့ ရပါတယ်။

Featured Photo : Pexels