ဖွားဖက်တော် ကျန်းမာရေး မကောင်းဘူးလို့ ပြောလိုက်ရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများနဲ့ ပန်းသေ ပန်းညှိုး ရောဂါကိုသာ ပြေးမြင်မိကြပါတယ်။ တကယ်တော့ ဖွားဖက်တော် နေမကောင်းဘူးဆိုတာ အဲ့ဒါတွေထက် ပိုပါတယ်။ ကွီးတို့ ဖွားဖက်တော် နေမကောင်းတာက အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နေမကောင်းသလိုပါပဲ၊ ချစ်တင်းနှော ဖို့ မပြောနဲ့ ဘာဆို ဘာမှကို လုပ်နိုင်မှာ မဟုတ်ပါဘူး။
ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို ထိခိုက်စေတဲ့ အခြေအနေများကတော့ အများကြီးရှိပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး မရှိခြင်း၊ အစားအသောက် စားသုံးမှုစနစ်၊ နေထိုင်မှု ပုံစံနဲ့ ကျန်းမာရေး အခံတွေကြောင့်လည်း ကွီးတို့ရဲ့ ဖွားဖက်တော် နေမကောင်းဖြစ်တတ်ပြီး ချစ်တင်းနှော ဖို့ရာ အဆင်မပြေနိုင် ဖြစ်တတ်ပါတယ်။
ကွီးတို့ ဖွားဖက်တော်က နေမကောင်းရင် ဘယ်လိုတွေ ဖြစ်တတ်သလဲ
ဖွားဖက်တော် နေမကောင်းတဲ့အခါ အပေါ့အပါး သွားရာမှာ မသက်မသာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ မျိုးပွားခြင်းစနစ်အတွက်လည်း မျိုးမအောင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဖွားဖက်တော်က မထောင်မတ်လာနိုင်တာမျိုး (သို့) ထောင်မတ်နိုင်ပေမယ့်လည်း အချိန်ကြာကြာ မထောင်မတ်နိုင်တာမျိုးကို ခံစားရနိုင်ပါတယ်။
ကွီးတို့ရဲ့ ဟော်မုန်း အပြောင်းအလဲကြောင့်လည်း ဖွားဖက်တော်က နေမကောင်းဖြစ်နိုင်သလို အသက်အရွယ် ရလာသောကြောင့်လည်း ဖွားဖက်တော်က မလုပ်ဆောင်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။
ကွီးတို့ရဲ့ ဖွားဖက်တော် ကို အမြဲတမ်း ကျန်းမာရေး နေစေဖို့နဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်တင်းနှော ခြင်းကို ဖန်တီးနိုင်ဖို့ ဘာတွေ လုပ်ဆောင်ရမလဲ။
ရေဓာတ် ပြည့်ဝစွာ နေထိုင်ပါ
ရေဓာတ် ပြည့်ဝခြင်းသည် ကွီးတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာနေစေဖို့အတွက်လည်း ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ရေဓာတ် ခမ်းခြောက်ခြင်းနှင့် ရွှေပန်းညှိုးရခြင်း ဖြစ်စဥ်တို့သည် တစ်ခုကို တစ်ခု ဆက်စပ်နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ တစ်ရက်လျှင် ရေ ၂ လီတာ သောက်သုံးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးပါ
အာဟာရ ပြည့်ဝ ကျန်းမာစွာ စားသုံးခြင်းသည် ကွီးတို့ဆီမှာ ဆီးချိုရောဂါနှင့် နှလုံးရောဂါတို့ ခံစားရနိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ ထိုရောဂါ နှစ်မျိုးစလုံးသည် ပန်းသေ ပန်းညှိုးခြင်းကို ဖြစ်စေနိုင်တဲ့ ရောဂါ နှစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၆ က ပြုလုပ်ထားတဲ့ လေ့လာချက်များအရ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများထဲတွင် တွေ့ရှိရတဲ့ Flavonoids ဓာတ်သည် ပန်းသေပန်းညှိုးခြင်းကို လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် Flavonoids ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို များများ စားသုံးဖို့ လိုအပ်လာပါပြီ။ ဒါ့အပြင် ဟင်းနုနွယ်ရွက်၊ ထောပတ်သီးနှင့် Capsaicin ဓာတ် ကြွယ်ဝတဲ့ အစပ် အစားအစာများကို စားသုံးခြင်းအားဖြင့် ကွီးတို့ရဲ့ Testosterone Level ကို မြှင့်တင်နိုင်ပြီး မျိုးအောင်နိုင်ခြေကိုလည်း ပိုမို မြှင့်တင်ပေးနိုင်ပါတယ်။
အထက်ဖော်ပြပါ အချက်များအပြင် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း၊ ခန္ဓာကိုယ် အလေးချိန်ကို အဝမလွန်အောင် ထိန်းညှိပေးခြင်း၊ စိတ်ဖိစီးမှုများကို လျော့ချပေးခြင်း၊ အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း အစရှိတဲ့ အလေ့အကျင့်ကောင်းများကို မွေးမြူကာ ကွီးတို့ရဲ့ ဖွားဖက်တော်ကို ကျန်းမာနေအောင် ထားနိုင်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ ဖွားဖက်တော်ကို ကျန်းမာနေအောင် ဘယ်လိုမျိုး ပြုမူနေထိုင်လေ့ရှိပါသလဲ။
Source : Healthline
Featured Photo : Calibreclinic.com.au