ကိုယ့် ဘဝ အိပ်မက်တွေကို အမြန် အကောင်အထည်ဖော်ချင်တယ်ဆိုရင် ကြုံတွေ့ရမယ့် အခက်အခဲများ အများအပြားရှိနိုင်ပါတယ်။ ထိုအခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီး ကွီးတို့ရဲ့ ဘဝ ရည်မှန်းချက် ပန်းတိုင်သို့ အမြန် အရောက်လှမ်းချင်တယ်ဆိုရင် ရှောင်ကြဉ်ရမယ့်အချက်များလည်းရှိပါတယ်။

အခုဖော်ပြပေးမယ့် အချက်များကို ရှောင်ကြဉ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဘဝ အတွက် စိတ်ကူးအိပ်မက်တွေကို မြန်မြန်အကောင်အထည်ဖော်နိုင်မှာပဲဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် သံသယဖြစ်စိတ်က ကြီးစိုးနေခြင်း

ဘဝ အမြန်

အောင်မြင်မှုကို အရယူချင်တယ်ဆိုရင် အရဲစွန့်တတ်ဖို့လည်း လိုအပ်ပါတယ်။ စွန့်လွှတ်စွန့်စားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တဖြည်းဖြည်းလျော့ပါးလာတတ်ပြီး သံသယစိတ်တွေပဲ တဖြည်းဖြည်း ကြီးထွားလာတတ်ပါတယ်။ ဘဝပန်းတိုင်ဆီသို့ အရောက်သွားရတဲ့လမ်းသည် ဖြောင့်ဖြူးမနေတာကိုတော့ သတိပြုသင့်ပါတယ်။

တောင်တက်သမားတစ်ဦးသည် တောင်ထိပ်ဆီသို့ အရောက်သွားဖို့ဆိုရင် မတ်စောက်တဲ့နေရာတွေလည်း တက်ရမှာဖြစ်သလို ပြေပြစ်တဲ့နေရာမျိုးစုံကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ရံဖန်ရံခါမှာ တောင်ကျချောင်းရေတွေရဲ့ အန္တရာယ်ကိုလည်း ကြည့်ရှောင်တတ်ရပါသေးတယ်။ တောင်တက်ရတာ မောလွန်းလို့ဆိုပြီး ဆက်မသွားတော့ဘူးဆိုရင်တော့ တောင်ထိပ်ကို ရောက်နိုင်မှာမဟုတ်တော့ပါဘူး။ မောတဲ့အခါမှာ ခဏတဖြုတ် အနားယူနိုင်ပါတယ်။ အပန်းပြေသွားတယ်ဆိုရင် တောင် ဆက်တက်လိုက်ပါ။ ဒါဆိုရင်တော့ တဖြည်းဖြည်းနဲ့ တောင်ထိပ်ဆီသို့ အရောက်သွားနိုင်မှာဖြစ်ပါတယ်။

ငါ ဒီတောင်ကို တက်နိုင်ပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယစိတ်တွေ လွန်ကဲနေမယ်ဆိုရင်တော့ တဖြည်းဖြည်း အားလျော့သွားမှာဖြစ်ပြီး တောင်ထပ်ဆီ အရောက်သွားနိုင်မှာ မဟုတ်တော့ပါဘူး။ အခက်အခဲ ဘယ်လောက်ရှိရှိ မရောက် ရောက်အောင် သွားမယ်ဆိုတဲ့ စိတ်နဲ့ အရောက်လှမ်းသင့်ပါတယ်။

မိမိရဲ့လက်ရှိအခြေအနေကို ငြင်းဆန်နေခြင်း

denial

သင့်ရဲ့လက်ရှိအခြေအနေသည် သင် စိတ်ကျေနပ်ရတဲ့ အတိုင်းအတာတစ်ခုမဖြစ်လို့ဆိုပြီး စိတ်ပျက်သွားတာမျိုး၊ မိမိကိုယ်ကိုယ် ငြင်းဆန်နေတာမျိုးလည်း မလုပ်ရပါဘူး။ တကယ်လို့ ထိုအခြေအနေကို ငြင်းဆန်နေမယ်ဆိုရင်တော့ လက်ရှိမှာ ကြုံတွေ့ရမယ့် အခက်အခဲ၊ အတားအဆီးများကို ရင်ဆိုင်ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ဘာမှမလုပ်ဘဲ ထိုင်နေခြင်းသည် ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပိုပြီးတိုးတက်လာအောင် ကူညီပေးနိုင်မှာမဟုတ်သလို ကိုယ့်ရဲ့အိပ်မက်တွေနဲ့လည်း အမြန်ဆုံးနီးစပ်သွားရအောင် ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ များမကြာမှီ အချိန်မှာပဲ စိတ်ဓာတ်ကျလာပါလိမ့်မယ်။

ဒါ့ကြောင့် မိမိရဲ့လက်ရှိအခြေအနေကို ရဲရဲကြီးလက်ခံပါ။ ဒီ့ထက်ပိုပြီး တိုးတက်ပြောင်းလဲမှုတွေ ပြုလုပ်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ဘယ်လောက်ပဲ သေးငယ်တဲ့ အပြောင်းအလဲပဲ ဖြစ်နေပါစေ သင့်ဘဝကို တိုးတက်ပြောင်းလဲသွားအောင် ကူညီပေးနိုင်ပါတယ်။

အတိတ်ကနေ ရုန်းထွက်မရဖြစ်နေခြင်း

fear

သင့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နေချိန်မှာ အတိတ်က အမှားတွေ၊ နာကျင်စရာတွေကို မမေ့ပျောက်နိုင်ဘဲ ယူကြုံးမရ တသသ ဖြစ်နေခြင်းသည် သင့်ကိုပဲ စိတ်ပင်ပန်းစေမှာပါ။ သင့်မှာ စိတ်ပူပန်စရာများ၊ နောင်တ တရားများ ပြည့်နှက်နေတယ်ဆိုရင် လက်ရှိမှာ ကြုံတွေ့ရတဲ့ အတားအဆီးများကို ရင်ဆိုင်ကျော်လွှားနိုင်မှာမဟုတ်ပါဘူး။

အတိတ်က အတွေ့အကြုံများကြောင့် ဆုံးဖြတ်ချက်များ ချမှတ်ရမှာ မဝံ့မရဲဖြစ်နေပါလိမ့်မယ်။ အခွင့်အရေးကောင်းများနှင့်လည်း လက်လွှတ်ဆုံးရှုံးရပါလိမ့်မယ်။

ဒါ့ကြောင့် အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ ကောင်းတဲ့အမှတ်တရများကိုတော့ အမှတ်တရဖြစ်အောင် သိမ်းဆည်းထားလိုက်ပါ။ ခက်ခဲကြမ်းတမ်းလာတဲ့အခါ ထိုအမှတ်တရကောင်းများကိုသာ ပြန်လည်အမှတ်ရကာ ခွန်အားများ မွေးမြူလိုက်ပါ။

အချိန်ဖြုန်းနေခြင်း

later

အချိန်ဖြုန်းခြင်းသည် ဘဝအတွက် အကြီးမားဆုံးသော အနှောင့်အယှက်အတားအဆီးတစ်ခုဖြစ်ပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်တွေကို ပြန်လည်ရယူလို့လည်း မဖြစ်နိုင်ပါဘူး။ အချိန်သည် စီးဆင်းနေတဲ့ မြစ်ရေနဲ့ အလားသဏ္ဍာန် တူပါတယ်။ သင့်ကို ဖြတ်သန်းသွားတဲ့ ရေတွေသည် သင့်ဆီသို့ နောက်ပြန်ကာ စီးဆင်းလာမှာမဟုတ်ပါဘူး။ သင် လုပ်ရမယ့်အရာကို ပြီးမြောက်ရမယ့်အချိန်မှာ ပြီးအောင် ပြုလုပ်ပါ။ အချိန်ဆွဲခြင်း အလေ့အကျင့်ကို ဖျောက်ဖျက်ကာ တတ်နိုင်သမျှ ကြိုးစားရမှာဖြစ်ပါတယ်။

မိမိရဲ့ခန္ဓာကိုယ်ကို ဂရုမစိုက်ခြင်း

ဘဝ အမြန်

သင့်ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။ သင့်ခန္ဓာကိုယ်ကို ဂရုမစိုက်တဲ့အခါ သင့်ရဲ့ခန္ဓာကိုယ် ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ထိခိုက်လာပြီး သင့်ရဲ့လုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းပါ ကျဆင်းလာပါလိမ့်မယ်။ ခန္ဓာကိုယ် ခွန်အားပြည့်ဖို့ရန်အတွက် ကျန်းမာရေးနှင့် ညီညွှတ်တဲ့အစားအစာများ စားသုံးပါ။ ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်နေအောင် လုပ်ဆောင်သင့်ပါတယ်။ ကိုယ် ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအတွက်လည်း အချိန်ပေးပါ။ သင့်ရဲ့စိတ်နှလုံးကို ငြိမ်းအေးအောင် ကူညီပေးမှာဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် အခြားသူများနှင့် နှိုင်းယှဉ်ခြင်း

ဘဝ အမြန်

မိမိကိုယ်ကိုယ် အခြားသူများနှင့် နှိုင်းယှဉ်ခြင်းသည် ကိုယ့်ကိုယ်ကိုသာ ပူလောင်စေပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ မနာလိုမှုတွေကို သေချာမထိန်းချုပ်နိုင်ဘူးဆိုရင်တော့ ဆက်ဆံရေးတွေကို ပျက်စီးစေနိုင်ပါတယ်။ အခြားသူများ အောင်မြင်ရတဲ့အခါ သူတို့ရဲ့ အောင်မြင်မှုကို ဝမ်းမြောက်ဝမ်းသာနှင့် ဂုဏ်ပြုပေးလိုက်ပါ။ သူတို့ရဲ့အောင်မြင်မှုအတွက်လည်း သူတို့ကို လေးစားကြောင်း ဖော်ပြပါ။ သင့်မှာ မရှိတဲ့အရာတွေအတွက် စိတ်ညစ်နေမယ့်အစား ကိုယ့်မှာ ရှိတဲ့အရာတွေအတွက် ဝမ်းမြောက်ဝမ်းသာနှင့် ဂုဏ်ယူလိုက်ပါ။ ဒါဆိုရင်တော့ အခြားသူတွေရဲ့ အောင်မြင်မှုကိုလည်း မနာလို ဝန်တိုနေမှာမဟုတ်တော့ပါဘူး။

မိမိရဲ့အရည်အချင်းကို အခြားသူများ အသိအမှတ်မပြုမှာကို စိုးရိမ်နေခြင်း

ဘဝ အမြန်

ငါ ဒီလောက် ကြိုးစားရဲ့သားနဲ့ ငါ့ကို တော်တယ်လို့ ဘာ့ကြောင့် မချီးကျူးရသလဲ ဆိုပြီး စိတ်ညစ်မနေပါနဲ့။ အခြားသူတွေ ကိုယ့်ကိုယ် ဘယ်လိုထင်ထင် ဂရုမစိုက်ပါနဲ့။ ကိုယ် လုပ်စရာရှိတာကို အကောင်းဆုံးသာ လုပ်ဆောင်ပါ။ အခြားသူတွေက ကိုယ့်ကို မတော်ဘူးလို့ မချီးကျူးလည်း စိတ်အား မငယ်ပါနဲ့။ သင့်ကိုယ်သင်သာ အသိအမှတ်ပြုလိုက်ပါ။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ခြင်းလောက် သာ၍ကောင်းတာမရှိပါဘူး။

Source: Tinybuddha

Featured Image: Computerworld