ကျွန်တော်တို့ ဘဝမှာ တစ်ခါတစ်လေ ကိုယ့်ရဲ့ ရည်မှန်းချက် ၊ စိတ်ကူးအိပ်မက်တွေ အားလုံးလွှတ်ချပြီး Give Up လုပ်ချင်တဲ့ စိတ်တွေ ဖြစ်ဖူးကြမယ် ထင်ပါတယ်။ လူတိုင်း အရမ်းခက်ခဲတဲ့အချိန်တွေ ကြုံတွေ့လာချိန်မှာ အားလျော့ လက်လျှော့ချင်မိကြတာ သဘာဝပါပဲ။ စွန့်လွှတ်တယ် ၊ လက်မြှောက်အရှုံးပေးတယ်ဆိုတာ ပြောရတာ လွယ်ပေမယ့် အရှုံးပေးလိုက်ခြင်းရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကြီးတွေက ကွီးတို့ကို အသင့်စောင့်ကြိုနေမှာပါ။ လူတစ်ယောက် အရှုံးပေးရတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပေမဲ့ ကြောက်စိတ် ၊ စိုးရိမ်ပူပန်မှုတွေမရှိဘဲ ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ဆိုက်ဆိုက်မြောက်မြောက် ရောက်ရှိနိုင်ဖို့ အချက် ၄ ချက်ကို ဆွေးနွေးချင်ပါတယ်။ ကွီးတို့ရဲ့ ဘဝ မှာ အရှုံး ပေးချင်စိတ်တွေ ဖြစ်လာတိုင်း အခုပြောမယ့် အချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။
(၁) သင် စတင်ခဲ့တဲ့ အကြောင်းအရင်းကို ပြန်တွေးပါ
Photo : Unsplash
ပထမဆုံးအနေနဲ့ ကွီးတို့ ပြန်လည်တွေးတော သုံးသပ်ခြင်း ဆိုတဲ့အဆင့်နဲ့ စတင်ရမှာ ဖြစ်ပါတယ်။ ကိုယ် ဒီလမ်းကို ဘာကြောင့် လျှောက်လှမ်းခဲ့တာလဲ ၊ ဘယ်အရာတွေက တွန်းအားဖြစ်စေခဲ့တာလဲ ၊ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာလဲ စသည်ဖြင့် ပြန်တွေးဖို့ လိုပါတယ်။ ရည်မှန်း ချက်တွေ တဖြည်းဖြည်း ဝေဝါးမှေးမြိန်လာတာနဲ့ အမျှ လက်လျော့အရှုံးပေးချင်တဲ့ စိတ်တွေ နောက်ကနေ အော်တို လိုက်လာပြီးသားပါ။ ဒါကြောင့် ကွီးတို့ရဲ့ ရည်မှန်းချက် ၊ စိတ်ကူးအိပ်မက်တွေကို ပြန်လည်နှိုးဆွပေးနိုင်ဖို့ ကိုယ်စတင်ခဲ့တဲ့ အကြောင်းအရင်း ဇစ်မြစ်ကို ပြန်လည် တွေးတော သုံးသပ်ပေးဖို့ လိုပါလိမ့်မယ်။
(၂) ဇွဲလုံ့လရဲ့ စွမ်းအားကို အသုံးချပါ
Photo : Unsplash
တစ်စုံတစ်ခုကို ဖြစ်မြောက် အောင်မြင်အောင် လုပ်ဆောင်ချင်ရင် ဇွဲ့ရှိဖို့က အဓိကပါပဲ။ ဘယ်ခရီးလမ်းမဆို အခက်အခဲ အတားအဆီးနဲ့ ပိတ်ဆို့မှုတွေ များစွာရှိလာနိုင်ပြီး ဒီအရာတွေကပဲ ကျွန်တော်တို့ကို လက်လျော့ဖို့ တွန်းအားပေးလာ တက်ပါတယ်။ ဒါပေမယ့် ဇွဲလုံ့လ ထက် သန်မှုတွေကနေပဲ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုတွေကို ဆက်ထိန်းပေးထားပြီး လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် တွန်းပို့ပေးနိုင်မှာပါ။ ဇွဲလုံ့လက ရလဒ်ကောင်းတွေ ပေးနိုင်တယ်ဆိုတာကို နားလည်ပြီး အမှန်တကယ် ယုံကြည်မှုနဲ့ ရှေ့ဆက်သွားဖို့ပဲ လိုပါတယ်။
(၃) ခဏအနားပေးပါ
Photo : Unsplash
ကျွန်တော်တို့ အများစုဟာ စိတ်ကူးအိပ်မက်တွေနောက် တကောက်ကောက်လိုက်ရင်း ၊ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေကို ရှေ့တန်းတင်ရင်းနဲ့ပဲ အလုပ်ပြီးရင်းအလုပ် ဆိုတာမျိုး လုပ်နေမိတက်ပါတယ်။ မဆုတ်မနစ် ကြိုးစားတယ်ဆိုတာ ကောင်းတဲ့အချက်တစ်ခု ဆိုပေမယ့် သင့်ကို ပင်ပန်းနွမ်းနယ်မှုနဲ့ ခြေကုန်လက်ပမ်းကျလာစေ နိုင်ပါတယ်။ အလုပ်တွေ ကြိုးစားပမ်းစားလုပ်သလို ကိုယ့်ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကိုလည်း အကောင်းဆုံး ပြန်လည်အနားပေးဖို့ လိုတယ်မဟုတ်လား။ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဂရုစိုက်နိုင်မှ ကွီးတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
(၄) အောင်မြင်ချင်စိတ်ရှိသူတွေ ဝန်းရံတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ပါ
အကောင်းမြင်စိတ်နဲ့ အောင်မြင်လိုစိတ်ဟာ ကူးစက်တတ်တဲ့ သဘောရှိပါတယ်။ ကိုယ်လိုပဲ ရည်မှန်းချက် ပန်းတိုင်တစ်ခုချမှတ်ပြီး အောင်မြင်ဖို့ကြိုးစားနေကြတဲ့ သူတွေရဲ့ အနီးပတ်ဝန်းကျင်မှာ ရှင်သန်ခြင်းဟာ စိတ်အားထက်သန်မှုနဲ့ ခွန်အားသစ်တွေများစွာကို ရရှိပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ် ထက်သန်သူတွေ ၊ အောင်မြင်ဖို့ ကြိုးစားနေသူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ အခက်အခဲ အတားအဆီးတွေအကြောင်း မျှဝေဆွေးနွေးပါ။ အကြံဉာဏ် တချို့ ရယူပါ။ အရှုံးပေးချင်တဲ့ စိတ်တွေကို တိုက်ထုတ်ပေးပြီး အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေ ရရှိပါလိမ့်မယ်။
Featured Photo : Radio Duna