ဘဝဆိုတာ အမြဲတမ်း အနိမ့်အမြင့် အတတ်အကျတွေနဲ့ ပြည့်နေပါတယ်။ ဒါ့အပြင် ဘဝဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပြီး အမြဲတမ်းအကောင်းချည်းပဲ ကြုံနေရမှာ မဟုတ်သလို၊ အဆိုးတွေချည်းပဲ ရင်ဆိုင်ရမှာလည်း မဟုတ်ပါဘူး။ ကိုယ့်ဘဝက အဆိုးဘက် သို့မဟုတ် အကျဘက်ရောက်နေချိန် တစ်နည်းအားဖြင့် ဘဝက စမ်းသပ်တဲ့ ပုစ္ဆာတွေ ပေးလာချိန်မှာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘဝက ပေးလာတဲ့ ပုစ္ဆာတွေကို ရင်ဆိုင်ရတဲ့အခါမှာ အထိမနာဘဲ ခပ်ချေချေ ဖြေရှင်းနိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
အမြဲတမ်း ကြိုတင်စဉ်းစားထားပါ
Photo : Camden Kelly
ကျွန်တော်တို့ဟာ အနာဂတ်မှာ ဘာကို ကြုံတွေ့ရနိုင်လဲဆိုတာ မသိပေမဲ့ ကိုယ်လုပ်နေတဲ့ အရာတွေပေါ် မူတည်ပြီး အမြဲတမ်း ကြိုတင်စီစဉ်ထားနိုင်ပါတယ်။ ဥပမာအားဖြင့် ကွီးတို့က စီးပွားရေးလုပ်နေလျှင် ဘာတွေက အားနည်းချက် ဖြစ်နေသလဲ၊ ဘယ်အရာတွေ ပြင်ဆင်သင့်သလဲ၊ မထင်မှတ်ထားတာများ ဖြစ်လာလျှင် ဘယ်လိုရင်ဆိုင်မလဲဆိုတာ ယေဘုယျအားဖြင့် ပြင်ဆင်ထားနိုင်ပါတယ်။ ကိုယ်စီစဉ်တဲ့အတိုင်း မဖြစ်ရင် နောက်ထပ်ဘယ်လို လုပ်မယ်ဆိုတဲ့ Plan A၊ Plan B ရှိသင့်ပါတယ်။ ပြီးလျှင် ကိုယ်လုပ်နေတဲ့ အရာကို အကောင်းဆုံး လုပ်ဆောင်ပါ။ မမျှော်လင့်တဲ့အရာတွေ ရင်ဆိုင်ကြုံတွေ့ခဲလျှင်တောင် ကြိုတင်ပြင်ဆင်ထားခြင်းက အနည်းနဲ့ အများတော့ အထောက်အကူ ပြုပါလိမ့်မယ်။
လက်ခံလိုက်ပါ
Photo : Mark Merrill
ဘဝက ဘယ်လိုပဲ ခက်ခဲတဲ့ ပုစ္ဆာတွေကို ပေးသည် ဖြစ်ပါစေ၊ ရှောင်ပြေးနေခြင်းက အဖြေတော့ မဟုတ်ပါဘူး။ ဘဝက အခက်အခဲတွေ၊ ခါးသီးမှုတွေ၊ ဝမ်းနည်းစရာတွေကို ပေးလာတဲ့အခါ ကျွန်တော်တို့ရဲ့ ပထမဆုံးတုံ့ပြန်မှုက လက်မခံနိုင်ခြင်းနဲ့ မယုံကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ထိုခါးသီးမှု အမှန်တရားတွေကို ကိုယ့်စိတ်ထဲမှာ လက်မခံနိုင်ဖြစ်ကာ ရှေ့ဆက်မလျှောက်နိုင်ဘဲ ထိုနေရာမှာပဲ ပိတ်မိနေတတ်ပါတယ်။ ဒါကြောင့် ရှောင်ပြေးတာမျိုး မလုပ်ဘဲ အရင်ဆုံး လက်ခံလိုက်ပါ။ ထိုသို့ လက်ခံလိုက်ခြင်းက ဘယ်လိုပဲ ခက်ခဲတဲ့ အခြေအနေဖြစ်ပါစေ၊ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ပထမဆုံး ခြေလှမ်းပါပဲ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားရှိပါ
Photo : Best life
ဘဝကနေ ဘယ်လောက်ပဲ ခက်ခဲတဲ့ ပုစ္ဆာတွေ၊ အခြေအနေတွေကို ပေးပေး ခပ်ချေချေ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ လက်နက်တစ်ခုကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းပါပဲ။ ဘယ်လို အခြေအနေတွေ ရင်ဆိုင်နေရပါစေ “ငါ ရင်ဆိုင်နိုင်တယ်”၊ “ငါကျော်လွှားနိုင်တယ်” ဟူသော အပြုသဘောဆောင်တဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားရှိပါ။ ဒီလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားရှိခြင်းက ထို အခက်အခဲကို အောင်မြင်ဖို့ ပိုပြီး အလားအလာများပါတယ်။ ယုံကြည်မှုနဲ့ အရာရာကို ကျော်လွှားပါ။
ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ပါ
Photo : Harvard Professional
အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ လူတော်တော်များများက ဖြစ်မလာသေးတဲ့ အနာဂတ်မှာ ကြုံတွေ့နိုင်တဲ့ အခြေအနေတွေ၊ အတိတ်က ကျရှုံးမှုတွေကို ပြန်တွေးမိပြီး စိုးရိမ်ပူပန်တတ်ကြပါတယ်။ ဒီလို ပြီးခဲ့တဲ့ အရာတွေ၊ ဖြစ်မလာသေးတဲ့ အရာတွေအတွက် စိတ်ပူပန်တာက အချည်းနှီးပါပဲ။ အမှန်ကန်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းကတော့ ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ပြီး အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
သတ္တိမွေးပါ
Photo : Depositphotos
တစ်ခါတစ်ရံ ကိုယ်မဖြစ်ချင်တဲ့အရာ၊ ကိုယ်မလိုချင်တဲ့အရာ၊ ကိုယ်မမျှော်လင့်တဲအရာတွေမှ ရွေးပြီး ဖြစ်လာတတ်တာ ဘဝပါပဲ။ ဒါကိုလက်ခံထားရပါမယ်။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေဖြစ်လာတဲ့အခါ ဝမ်းသာပျော်ရွှင်သကဲ့သို့ မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ စိန်ခေါ်မှု တစ်ရပ် သို့မဟုတ် ဖြေရှင်းရမဲ့ ပုစ္တာလို့ မှတ်ယူပြီး အကောင်းဆုံး ရင်ဆိုင်နိုင်နိုင်ဖို့ သတ္တိမွေးထားရပါမယ်။ ဘဝမှာဘယ်လောက်ပဲ ကြမ်းတမ်းဆိုးဝါးစွာ ဖြစ်ပျက်သွားပါစေ၊ ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြန်လည်တည်ဆောက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အဆိုးတွေမှာ ကိုယ့်ကိုယ်ကို အချိန်အကြာကြီး မနစ်မွန်းစေဘဲ ပြန်လည်ရုန်းထွက်ပါ။
အခုဖော်ပြပေးလိုက်တဲ့ နည်းလမ်းလေးတွေက ဘဝက တစ်ခါတစ်ရံ ပေးလာတဲ့ မမျှော်လင့်တဲ့ ပုစ္ဆာတွေကို ဖြေရှင်းရမှာ အထောက်အကူပြုမှာ အသေအချာပဲ ဖြစ်ပါတယ်။
Featured Photo : Forbes