ကွီးတို့အနေနဲ့ ကိုယ်ရှင်သန်နေရတဲ့ ကိုယ့်ရဲ့ ဘဝ ကို ပျော်ရွှင်ပါရဲ့လား။ နေ့စဉ်နေ့အမျှ စားသောက်နေထိုင်ဖို့၊ သူများနဲ့တန်းတူ နေထိုင်နိုင်ဖို့၊ သုံးနိုင်ဖို့ စတာတွေကြောင့် ကြိုးစားရုန်းကန်နေရတဲ့ ဘဝကြီးကို ငြီးငွေ့နေပြီလား။ ကိုယ်တိုင်လည်း ကိုယ့်ဘဝကို မပျော်ရွှင်ဘူး၊ ငြီးငွေ့နေတယ်ဆိုရင် ကွီးတို့ရဲ့ဘဝက အရောင်မဲ့နေပြီး ပျင်းစရာကောင်းနေမှာ အသေအချာပါပဲ။ ဆန့်ကျင့်ဘက်အားဖြင့် ဘဝကို အရောင်အသွေးစုံလင်အောင် ခြယ်မှုန်းဖို့ဆိုရင် စိတ်အားထက်သန်မှု၊ ပျော်ရွှင်မှု၊ ရောင့်ရဲမှု စတာတွေနဲ့ ချိတ်ဆက်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ကွီးတို့ဘဝကို ပိုမိုအဓိပ္ပါယ်ရှိစေပြီး အရောင်အသွေးတောင်ပအောင် ပြုလုပ်ပေးနိုင်တဲ့ အလေ့အကျင့်လေးတွေကို ဖော်ပြပေးချင်ပါတယ်။
ခွင့်လွှတ်တတ်ပါစေ
Photo : Morning Laziness
ကျွန်တော်တို့ဘဝမှာ ကိုယ်ကိုယ်တိုင်ကို ဖြစ်စေ၊ အခြားသူ တစ်ဦးဦးကို ဖြစ်စေ၊ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စတွေ၊ ယူကျုံးမရစရာတွေ အများကြီး ကြုံတွေ့ဖူးမှာပါ။ တစ်ခါတစ်လေမှာ ကျွန်တော်တို့က ထိုကိစ္စတွေကို ရင်ထဲသိမ်းထားပြီး တနုံ့နုံ့နဲ့ ခံစားကာ ကိုယ့်ဘဝအတွက် ပျော်ရွှင်မှုတွေ၊ ကောင်းတဲ့ အရာတွေကို မခံစားနိုင်တော့ဘဲ လွဲချော်သွားမျိုး ဖြစ်နိုင်ပါတယ်။ ဒေါသ၊ နာကြည်းမှုတွေနဲ့ တခြားလူအပေါ် အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို ချုပ်နှောင်ထားတဲ့အခါ ကိုယ်ကိုယ်တိုင်အတွက် ပေါ့ပါးမှုဆိုတာလည်း မရှိနိုင်ပါဘူး။
ခွင့်လွှတ်တယ်လို့ဆိုရာမှာ တစ်ဖက်လူပြုသောအမှုအား ခွင့်လွှတ်နားလည်ပေးတာမျိုး၊ ၎င်းတို့ရဲ့ အမှားကို မေ့လျော့ပစ်တာမျိုးကို မဆိုလိုပါဘူး။ ကိုယ်ကိုယ်တိုင်အတွက် ပေါ့ပါးစွာနေထိုင်ဖို့ ခွင့်လွှတ်ပေးခြင်း ဖြစ်ပါတယ်။ ဘယ်သူ့ကို ခွင့်လွှတ်ရမယ် ဆိုတာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ သူငယ်ချင်းလား၊ ဆွေမျိုးလား၊ ရည်းစားဟောင်းလား ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်လား။ ခွင့်လွှတ်ခြင်းက ကွီးတို့ဘဝကို အရောင်ပြန်ထည့်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။
ကိုယ်ကြိုက်နှစ်သက်တဲ့ အရာတွေအတွက် အချိန်ပေးပါ
Photo : Sensitive Refuge
လူသားတစ်ယောက်အတွက် ကိုယ်သဘောကျတဲ့ အရာကို လုပ်နေရတဲ့ အချိန်က အတောက်ပဆုံးနဲ့ အတတ်ကြွဆုံး အချိန်လို့ သတ်မှတ်နိုင်ပါတယ်။ လူတိုင်းလူတိုင်းက အသက်ရှင်ရပ်တည်ဖို့အတွက် ရုန်းကန်ရာမှာ ကိုယ့်ဝါသနာ ဒါမှမဟုတ် ကိုယ့်ကြိုက်နှစ်သက်တဲ့ အရာနဲ့ အသက်မွေးဝမ်းကြောင်း တစ်ထပ်တည်း ထပ်တူမကျနိုင်ပါဘူး။ ထိုအခါမှာ ကိုယ့်ဝါသနာကို မေ့ထားလိုက်ရပြီး ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ကာ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ လုပ်ကိုင်ကြရတယ် မဟုတ်ပါလား။ တစ်ခါတစ်ရံမှာ ဘဝက အရောင်အသွေးမဲ့ပြီး အဓိပ္ပါယ်မရှိသလို ခံစားရနိုင်ပါတယ်။
ဒါ့ကြောင့် ကိုယ်လုပ်ချင်တဲ့ အရာတွေ၊ ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေ လုပ်ဖို့လည်း အချိန်ပေးပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာတွေကို လုပ်ဆောင်ရင်း ပျော်ရွှင်မှုနဲ့ ဘဝအဓိပ္ပါယ်ကို ပြန်လည်ရှာဖွေပါ။ ခရီးသွားရတာကြိုက်ရင် ခရီးသွားပါ။ ဒီလိုပဲ ပန်းချီဝါသနာပါရင် ပန်းချီဆွဲပါ။ ကခုန်ပါ။ သီချင်းဆိုပါ။ ရယ်မောပါ။ ကိုယ်ကြိုက်တာတွေ လုပ်ဖို့ မမေ့ပါနဲ့။
အခြားသူများကို ကူညီပါ၊ ပေးကမ်းပါ
Photo : Thrive Global
အခြားသူများကို ပေးကမ်းခြင်း၊ ကူညီခြင်းက ကျွန်တော်တို့ ဘဝအတွက် တောက်ပသော အရောင်ထည့်ရန် အကောင်းဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။ ၎င်းက ကျွန်တော်တို့အား စိတ်ချမ်းသာစေတဲ့အပြင် အခြားသူများအတွက်လည်း ၎င်းတို့ လိုအပ်သော အကူအညီများ ရရှိစေပါတယ်။
ပေးကမ်းခြင်းလို့ ဆိုရာမှာ စျေးကြီးတဲ့ အရာတွေ၊ ငွေကြေးအမြောက်အများ ထောက်ပံ့ခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ အခြားသူ လိုအပ်နေတဲ့ အကူအညီလေးများ ပေးခြင်း၊ ရိုးရှင်းသော နှုတ်ဆက်ခြင်း၊ အပြုံး၊ စိတ်ပိုင်းဆိုင်ရာ အားပေးခြင်း၊ ပွေ့ဖက်ခြင်း သို့မဟုတ် ကြင်နာသော စကားလုံး စတာလေးတွေလည်း ပါဝင်ပါတယ်။ ကိုယ့်ရဲ့ ကြင်နာမှု အနည်းငယ်က အခြားသူတစ်ဦးအတွက် ကြီးမားတဲ့ အကူအညီလည်း ဖြစ်နိုင်ပါတယ်။
ကြိုးစားအားထုတ်မှု ရှိပါစေ
Photo : Letter Pile
ကွီးတို့ဘဝကို အရောင်အသွေးစုံလင်ပြီး အဓိပ္ပါယ်ရှိဖို့ ဆိုရင် ကိုယ်လိုချင်တဲ့အရာကို ရရှိနိုင်ခြင်းကလည်း အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်၊ အောင်မြင်မှု စတာတွေကို မရရှိရင်လည်း ပျော်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘဝကို လိုချင်သလို ပုံဖော်ဖို့၊ အရောင်အသွေးတွေနဲ့ ဖြည့်ဖို့ဆိုရင် ကြိုးစားမှုက လိုအပ်ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဘဝအတွက် ဘာကိုလိုချင်သလဲဆိုတာ ကိုယ်တိုင်သိအောင် လုပ်ပြီးထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု ရှိပါစေ။
ကျေးဇူးတင်တတ်ပါစေ
Photo : Vibe Shifting
ကိုယ့်မှာမရှိတဲ့ အရာတွေကို တောင်းတပြီး ညည်းညူနေမယ့်အစား ကိုယ့်မှာရှိတဲ့အရာအားလုံးကို ကျေးဇူးတင်တတ်ဖို့ လိုပါတယ်။ ကိုယ့်မှာ မရှိတဲ့အရာတွေအတွက် ညည်းညူးနေခြင်းက ကွီးတို့ ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ကောင်းမွန်တဲ့ အချက်တွေကို သတိမပြုနိုင်တော့ဘဲ စိတ်မချမ်းသာမှုကိုသာ ပေးစွမ်းပါလိမ့်မယ်။ ကိုယ့်မှာပိုင်ဆိုင်နေတဲ့ အရာတွေ၊ ချစ်ခြင်းတရားတွေကို ကျေးဇူတင်ရှိပြီး မြင်တတ်ပါစေ။ ကွီးတို့ဘဝ အရောင်အသွေးစုံလင်ခြင်းက ကိုယ့်ပတ်ဝန်းကျင်ရှိအရာများကို ကွီးတို့ရှုမြင်ပုံပေါ်မှာ အများကြီးမူတည်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ဘဝကို ပိုမို အဓိပ္ပါယ်ရှိပြီး အရောင်အသွေးစုံလင်အောင် ခြယ်မှုန်းပေးနိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ လိုက်နာကျင့်သုံးခြင်းဖြင့် ကွီးတို့ဘဝမှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိနိုင်မှာ အသေအချာပါပဲ။
Source : Arvind Devalia
Featured Photo : Vista