ဘာစီလိုနာ အသင်းနည်းပြ ဇာဗီ ကတော့ အခု ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါပြီ။ မနေ့ညက အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို ၅-၃ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဇာဗီ ဟာ အခုလိုပဲ သူ့ရဲ့ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားလာခဲ့တာပါ။

Xavi

Photo : Barca Blaugranes

” ဇွန်လ ၃၀ ရက်နေ့ကစပြီး ကျွန်တော် ဘာစီလိုနာအသင်းမှာ နည်းပြအဖြစ် ဆက်မလုပ်တော့ဘူးလို့ ကြေညာချင်ပါတယ်။ ဒီအခြေအနေကြီးကို လမ်းကြောင်းပြောင်းဖို့ လိုမယ်လို့ ကျွန်တော် ထင်ပါတယ်။ လက်ရှိ အနေအထားကို ကျွန်တော် ကိုယ်တိုင်လည်း လက်မခံနိုင်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြဇာဗီ ကတော့ သူ့ရဲ့ကစားသမားဘဝ တစ်လျှောက်လုံးနီးပါးကို ဘာစီလိုနာအသင်းမှာပဲ ကုန်ဆုံးခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အပါအဝင် ဆုဖလားများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦး ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင်ပြီး ကက်တာလန်ကလပ်ရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဇာဗီဟာ ပြီးခဲ့တဲ့ ရာသီကတော့ ဘာစီလိုနာအသင်းကို လာလီဂါချန်ပီယံဆုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ကက်တာလန် ဘီလူးကြီးတွေဟာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၄ – ၁ နဲ့ဂိုးပြတ် ရှုံးနိမ်ခဲ့သလို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘီလ်ဘာအိုလ်ကို ၄ – ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး စပိန်ဘုရင့်ဖလားကနေ ထွက်ခွာခဲ့ရတာကြောင့် ကလပ်အသင်းနဲ့ ဇာဗီကြား ဆက်ဆံရေးတင်းမာမှုတွေ ရှိလာခဲ့ကာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေလည်း မကြာခဏဆိုသလို ထွက်ပေါ်လာနေတာပဲ ဖြစ်ပါတယ်။

Xavi

Photo : Barca Blaugranes

ဘာစီလိုနာအသင်းကတော့ ဗီလာရီးရဲလ်ကို ၅ – ၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ရလဒ်ကြောင့် လာလီဂါထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး မကြာခင် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ စပိန်သား နည်းပြဇာဗီကလည်း ဒီရာသီကုန်မှာ ရာထူးကနေ ထွက်ပေးတော့မယ်လို့ ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

Xavi Photo : LiveScore