မကြာခင်မှာ လူပျိုကြီးဘဝက ကျွတ်ပြီး ကြင်စဦးတော့မဲ့ ကွီးတို့ရှိပါသလား။ ချစ်ရသူနှစ်ဦး ရွှေလက်တွဲ ပေါင်းဖက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ နေ့ကြီးမတိုင်ခင်မှာ ကွီးတို့ လူပျိုဘဝ နောက်ဆုံးအချိန်ကို ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းခြင်းကလည်း အမှတ်တရကောင်းလေးတွေ ဖန်တီးနိုင်ဖို့ စိတ်ကူကောင်းပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ချစ်သူလေးနဲ့ ကြင်စမဦးခင် ဘော်ဒါတွေနဲ့ လှိမ့်ရင်း အပီပျော်ချင်တဲ့ ညိုကီတို့အတွက် Bachelor Trip ထွက်ဖို့ နေရာကောင်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ငွေဆောင်

ဘော်ဒါတွေနဲ့ လှိမ့်ရင်း

Photo : Wikipedis

ကွီးတို့အနေနဲ့ ဘော်ဒါတွေနဲ့အတူ မင်္ဂလာမဆောင်ခင် Bachelor Trip သွားမယ်ဆိုရင် ကမ်းခြေတွေက ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ကျွန်တော်တို့ ပြည်တွင်းမှာလည်း လှပတဲ့ ကမ်းခြေတွေ အများကြီး ရှိတာကြောင့် ကွီးတို့ မရောက်ဖူးသေးတဲ့ ကမ်းခြေကို သွားရောက်လည်ပတ်လို့ ရပါတယ်။ စာရေးသူက ငွေဆောင် ကမ်းခြေကို ညွှန်းချင်ပါတယ်။ ကမ်းခြေမှာ ကွီးတို့ အုပ်စုလိုက် ရေပဲကစားကြမလား၊ သဲသောင်ပြင်မှာ စနောက်ပြေးလွှားရင်း ပင်လယ်စာတွေပဲ မြည်းစမ်းကြမလား၊ ညနေဘက် နေဝင်ဆည်းဆာအောက်မှာ အဖျော်ယမကာလေး သောက်ရင်း စကားစမြည် ပြောကြမလား တကယ်ကို ပျော်စရာကောင်းစေမှာ အမှန်ပါပဲ။ ဒါ့အပြင် ညဘက် သဲသောင်ပြင်မှာ လက်ထပ်တော့မဲ့ သတို့သားလောင်းအတွက် ပါတီလည်း ဆင်နွှဲလို့ရပါသေးတယ်။

Gili ကျွန်းစု၊ အင်ဒိုနီးရှား

ဘော်ဒါတွေနဲ့ လှိမ့်ရင်း

Photo : Thniking Nomads

နောက်ထပ် လည်ပတ်လို့ကောင်းတဲ့ နေရာတစ်ခုကတော့ အင်ဒိုးနီးရှားမှာရှိတဲ့ လှပတဲ့ Gili ကျွန်းစု ပဲ ဖြစ်ပါတယ်။ ဒီကျွန်းစုတွေမှာ လှေစီးတာ၊ ရေငုပ်တာ၊ မြင်းစီးတာ စတဲ့လှုပ်ရှားမှုတွေကို ဘော်ဒါတွေနဲ့ ပြုလုပ်လို့ရပါတယ်။ ဒါ့အပြင် ဘာလီမှ ဒီကျွန်းစုတွေဆီကို စက်လှေစီးချိန် ၂ နာရီခန့်သာကြာမြင့်တာ ဖြစ်တဲ့အတွက် ဘာလီသွားရင်း ဒီကျွန်းစုတွေကို သွားရောက်လည်ပတ်လို့ရသလို ပင်လယ်ပြင် တစ်လျှောက် အလှအပတွေကိုလည်း ခံစားနိုင်ပါတယ်။ တကယ်ကို ရင်သပ်ရှုမောဖွယ် လှပပြီး စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်တာကြောင့် ကွီးတို့ရဲ့ ခရီးစဉ် ရွေးချယ်မှုအတွင်း ထည့်သွင်းစဉ်းစားဖို့ မမေ့ပါနဲ့။

မော်ဒိုက်

ဘော်ဒါတွေနဲ့ လှိမ့်ရင်း

Photo : Daily Sabah

မကြာခင်မှာ လူပျိုကြီးဘဝက ကျွတ်မဲ့ ကွီးတို့အတွက် ဘော်ဒါတွေနဲ့ လှိမ့်ရင်း အပီပျော်ချင်တယ်ဆိုရင် နောက်ထပ်နေရာကောင်းလေးကတော့ မော်ဒိုက်ပဲ ဖြစ်ပါတယ်။ မော်ဒိုက်က တစ်နည်းအားဖြင့် Republic of Maldives ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာ တွင်တည်ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ အရမ်းကို လှပတဲ့ မော်ဒိုက်မှာ တည်းခိုဖို့ လှပတဲ့ Resort တွေလည်းရှိပါတယ်။ မော်ဒိုက်မှာ ဘော်ဒါတွေနဲ့ အတူ လှေလှော်ကြမလား၊ ရေငုပ်မလား၊ အပြာရောင်ပင်လယ်ပြင်မှာ ရေကစားရင်း အပန်းဖြေမလား ဒါမှမဟုတ် ဖြူလွလွ သဲသောင်ပြင်ပေါ်မှာ ဘောလုံးကစားကြပြီး အမှတ်တရကောင်းလေးတွေ ဖန်တီးကြမလား ကွီးတို့ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။ ဒါ့အပြင် အရသာရှိတဲ့ ဒေသအစားအစာတွေ မြည်းစမ်းကြည့်ရင်း အဖျော်ယမကာတွေ အမှောက်သောက်ပြီး အပီပျော်လိုက်ပါ။

Photo : Guy

ကွီးတို့အတွက် Bachelor Trip မှာ ဘော်ဒါတွေနဲ့ ပျော်စရာကောင်းအောင် ဖြတ်သန်းနိုင်မဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဥပမာအားဖြင့် ပါတီလုပ်တာ၊ အုပ်စုလိုက် စွန့်စားမှုတွေလုပ်တာ၊ အုပ်စုလိုက်ဓာတ်ပုံရိုက်တာ၊ ဘောလုံးကစားတာ စတာတွေလုပ်ပြီး ဘော်ဒါတွေနဲ့ မင်္ဂလာမဆောင်ခင် အပီပျော်လို့ ရပါတယ်ဗျာ။

ဒီဆောင်းပါးလေးက မင်္ဂလာမဆောင်ခင် သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ စဉ်းစားနေတဲ့ ညိုကီတို့အတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ ကွီးတို့ဘော်ဒါတွေထဲမှာလဲ မင်္ဂလာဆောင်တော့မဲ့ သတို့သားလောင်းရှိရင် အတူတူ ပျော်ဖို့ မန်းရှင်းခေါ်လိုက်ပါဦး။

Featured Photo : Puntacana