ယနေ့ခေတ်လို ရောဂါဘယများ ထူပြောနေတဲ့အချိန်မှာ ဘေးကင်း လုံခြုံစွာနဲ့ တူနှစ်ကိုယ် ချစ်တင်းနှော ခြင်းသည် အင်မတန်မှ အရေးကြီးလာပါပြီ။ ဘေးကင်း လုံခြုံစွာ တူနှစ်ကိုယ် ချစ်တင်းနှော ခြင်းသည် ကွီးတို့ကလည်း ရှော်တီလေး တစ်ယောက်တည်းနဲ့ပဲ ချစ်တင်းနှော ဖူးပြီး ထိုရှော်တီကလည်း ကွီးတို့ တစ်ယောက်တည်းနဲ့သာ ချစ်တင်းနှော ဖူးတာမျိုးကို ဆိုလိုတာလို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်များရဲ့ ပြောကြားချက်အရ ဘေးကင်း လုံခြုံရတဲ့ ချစ်တင်းနှော ခြင်းဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူးလို့ ဆိုထားပါတယ်။ ဘေးကင်း အလုံခြုံဆုံးကတော့ ချစ်တင်းမနှောခြင်းပဲ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျား မ သဘာဝ လိုအင် ဆန္ဒအရ ထိတွေ့လိုက်တဲ့နောက်မှာတော့ တစ်ခုမဟုတ် တစ်ခု ကြုံတွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ဥပမာ နှုတ်ခမ်းခြင်း နမ်းလိုက်ခြင်းက ဘာပြဿနာမှ မရှိဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ရေယုန်နှင့် အခြားသော အလားသဏ္ဍာန်တူ ရောဂါများက ကွီးတို့ စိတ်ချရပါတယ်လို့ ထင်တဲ့ ပုံစံကနေတဆင့် ကူးစက်သွားတာပဲ ဖြစ်ပါတယ်။
ကွန်ဒုံး အသုံးပြုကာ ချစ်တင်းနှောခြင်းက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီအရာကလည်း တချို့သော ရောဂါတွေ အတွက်တော့ ယတိပြတ် ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ ရေယုန်၊ ဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ ကလက်မိုင်ဒီးယား (Chlamydia) ရောဂါတို့ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပေမယ့် လိင်အင်္ဂါ ကြွက်နို့ရောဂါ၊ ကာလသားရောဂါ HIV လို့ခေါ်တဲ့ ခုခံအား ကျဆင်းခြင်းရောဂါများကိုတော့ အပြည့်အဝ မကာကွယ်ပေးနိုင်ပါဘူး။
ဒါဆိုရင် ဘယ်လိုနည်းလမ်းမျိုးနဲ့မှ ချစ်တင်းနှောလို့ မရတော့ဘူးလား ?
အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ အခုဖော်ပြမယ့် ညွှန်ကြားချက် အဆင့်ဆင့်ကို လိုက်နာမယ်ဆိုရင်တော့ ကွီးတို့ ရှော်တီလေးနဲ့ ဘေးကင်း လုံခြုံစွာ ချစ်တင်းနှော နိုင်မှာပဲဖြစ်ပါတယ်။
(၁) ပါတနာ အသစ်နဲ့ ချစ်တင်း မနှောခင်မှာ သေသေချာချာ စဥ်းစားပါ။ အရင်ဦးဆုံး ထိုပါတနာအသစ်က ကျန်းမာရေး သမိုင်းကြောင်းကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။
(၂) ချစ်တင်းနှောတိုင်းမှာ ကွန်ဒုံး အသုံးပြုပါ။
(၃) Oral Sex ပြုလုပ်တဲ့အခါ ကွီးတို့ ပါးစပ်ကို ရောဂါများ အန္တရာယ်မှ ကာကွယ်ဖို့အတွက် ကွီးတို့ရဲ့ ပါတနာကို ကွန်ဒုံး အသုံးပြုစေပါ။ အမျိုးသမီး ကွန်ဒုံးများလည်း ရှိပါတယ်။
(၄) ကွီးတို့ နှစ်ဦးစလုံးက ကျန်းမာရေး စစ်ဆေးမှု ပုံမှန် ခံယူဖို့ လိုအပ်ပါတယ်။
(၅) ကိုယ့် ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့ လိုအပ်သလို ကွီးတို့ ပါတနာရဲ့ ခန္ဓာကိုယ်ကိုလည်း သိနားလည်ထားဖို့ လိုအပ်ပါတယ်။ မူမမှန်တာ တစ်ခုခု ရှိသလား၊ ယားယံတာ၊ အနီစက်များ၊ ရောင်ရမ်းခြင်း စသည်တို့ကို သတိပြုသင့်ပါတယ်။
ဒီလိုမျိုး အသေးစိတ်ကအစ ဂရုစိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ဘေးကင်း လုံခြုံစွာ ချစ်တင်းနှော နိုင်မှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ဘယ်လိုမျိုး ကျန်းမာရေး နည်းလမ်းများကို လိုက်နာလေ့ရှိပါသလဲ။ ကွီးတို့ရဲ့ ရှော်တီလေးကိုရော သေချာ ဂရုစိုက်ရဲ့လား။ ဒီကျန်းမာရေး ပြဿနာက ကွီးတို့ တစ်ကိုယ်တည်း အဆင်ပြေရုံနဲ့ မရပါဘူး။ နှစ်ဦးသားစလုံး အဆင်ပြေပြီး ကျန်းမာရေး ကောင်းမှသာလျှင် စိတ်ချရမှာပါ။
Source: Hopkinsmedicine.org
Featured Image: Rapidstdtesting