အလေ့အကျင့် တွေက ကျွန်တော်ဘဝထဲက တစ်စိတ်တစ်ဒေသ အရေးပါတဲ့အရာတွေပါ။ ကျွန်တော်တို့ဘဝကို မြင့်မားအောင်တွန်းပို့ပေးနိုင်တဲ့ ကောင်းတဲ့အလေ့အကျင့်တွေ ရှိသလို ကျွန်တော်တို့ကို တစ်နည်းနည်းနဲ့ ဆိုးကျိုးသက်ရောက်စေတဲ့ အလေ့အကျင့်ဆိုးတွေလည်း ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာ အလေ့အကျင့်တွေတော့ တူညီနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အတွက် မကောင်းဘူးလို့ ယူဆလို့ရတဲ့ အလေ့အကျင့် ဆိုးတွေကို ဖျောက်ဖျက်ပစ်နိုင်ဖို့တော့ အရေးကြီးတယ်မဟုတ်လား။ ကဲဒါဆို ကွီးတို့ဘဝထဲက အလေ့အကျင့် ဆိုးတွေကို အပြီးတိုင် ရပ်တန့်ပစ်နိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) အလေ့အကျင့်တွေကို ဆန်းစစ်ပါ

Photo : Unsplash

ကွီးတို့အပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်ဆိုတဲ့ မကောင်းတဲ့ အလေ့အကျင့် တွေကို ဘယ်အချိန် ၊ ဘယ်နေမှာ ဘာကြောင့် ၊ ဘယ်နှစ်ကြိမ် ပြုလုပ်ခဲ့မိလဲဆိုတာကို သေချာလေ့လာဆန်းစစ်ဖို့ အရေးကြီးပါတယ်။ အလေ့အကျင့်တစ်ခုကို ပြောင်းလဲတော့မယ်ဆိုရင် ကိုယ့်ရဲ့ အပြုအမူကို ကိုယ်တိုင်နားလည်သဘောပေါက်ဖို့ လိုပါတယ်။ လေ့လာဆန်းစစ်မှုကပေးတဲ့ အသိတရားဟာတစ်စုံတစ်ခုကို ပြောင်းလဲဖို့အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။

(၂) ဆိုးကျိုးတွေအကြောင်း ပြန်တွေးပါ

Photo : Healthline

အလေ့အကျင့်တစ်ခုကလာတဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်ရှိလဲ။ ကွီးတို့အတွက် ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုဆက်ဆံရေး စသည်ဖြင့် ဘယ်အရာတွေမှာ ထိခိုက်နစ်နာမှု ဘယ်လောက်ရှိပြီးပြီလဲ။ ကိုယ့်ရဲ့ အလေ့အကျင့်ဆိုးတစ်ခုကြောင့် ဆုံးရှုံးနစ်နာလိုက်ရတာတွေ ဘယ်လောက်များလဲ စသည်ဖြင့်ဆိုးကျိုးတွေအကြောင်း ပြန်တွေးကြည့်ပါ။ ဆိုးကျိုးတွေနဲ့ ဆုံးရှုံးနစ်နာမှုတွေကို အမှန်တကယ် မြင်နိုင်စွမ်းရှိရင် အဲ့ဒီဆိုးကျိုးတွေကို ဖြစ်စေတဲ့ အလေ့အကျင့်ကို စွန့်လွှတ်ပစ်ဖို့ ခွန်အားတွေ ရလာပါလိမ့်မယ်။

(၃) သေးသေးလေးက စပြင်ပါ

Photo : YMCA of Middle Tennessee

ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ စွဲစွဲမြဲမြဲလုပ်ဆောင်လာတဲ့ အလေ့အကျင့်တစ်ခုကို ချက်ချင်းပြောင်းလဲပစ်ဖို့ ဆိုတဲ့နေရာမှာ စိန်ခေါ်မှုတွေများစွာ ရှိနိုင်ပါတယ်။ အလေ့အကျင့် ဖြစ်နေတဲ့ အရာတစ်ခုကို ရုတ်တရက် ရပ်တန့်ဖြစ်ဖို့ မလွယ်ပါဘူး။ ဒါကိုဖြေရှင်းနိုင်မယ့်နည်းက ခြေလှမ်းအသေးလေးနဲ့ စတင်တာပါပဲ။ မကောင်းတဲ့ အလေ့အကျင့်တစ်ခုကို သေးသေးလေးက စပြင်ပါ ၊ နည်းနည်းချင်းစီ ပြုပြင်ပြောင်းလဲပါ။ ဒါဆိုအချိန်အတိုင်းအတာတစ်ခု အတွင်းမှာ ကွီးတို့အတွက် မကောင်းဘူးလို့ ခံစားရတဲ့ အလေ့အကျင့်တစ်ခုကို စွန့်လွှတ်လာနိုင်မှာပါ။

(၄) စိတ်ရှည်ပါ

Photo : Inc. Magazine

အချိန်ယူပြောင်းလဲရမယ့် အရာတိုင်းက စိတ်ရှည်သည်းခံမှုရှိဖို့ အများကြီး လိုအပ်ပါတယ်။ အလေ့အကျင့်တစ်ခုကို ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ လမ်းတဝက်မှာ လက်လျော့လိုက်တာမျိုးဟာ အများစုဖြစ်နေကျတဲ့ ကိစ္စတစ်ခုပါပဲ။ အဆင်မပြေမှုတွေ အသားမကျမှုတွေကို ဆင်ခြေအဖြစ်အသုံးပြုမယ့်အစား ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ ယုံကြည်ချက်ကို စွဲကိုင်ထားပါ။ စိတ်ရှည်ခြင်းဟာ အောင်မြင်ခြင်းရဲ့ လမ်းစဆိုတာ ယုံကြည်ထားပါ။

(၅) ကောင်းတဲ့အလေ့အကျင့်တစ်ခုနဲ့ အစားထိုးပါ

Photo : The Jakarta Post

မကောင်းတဲ့ အလေ့အကျင့်တစ်ခုကို ဖျောက်ဖျက်ချင်ရင် ကောင်းတဲ့အလေ့အကျင့်တစ်ခု အစားထိုးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ သုတေသီတွေကိုယ်တိုင် အကြံပေးထားတဲ့ အကြံပြုချက်တစ်ခု ဖြစ်ပါတယ်။ ဆေးလိပ်သောက်ချင်တဲ့အခါ လေ့ကျင့်ခန်းတစ်ခုလုပ်လိုက်တာမျိုး ၊ ဆိုရှယ်မီဒီယာတွေ အလွန်အကျွံသုံးနေမိနေတာကို စာအုပ်တွေနဲ့ အစားထိုးလိုက်တာမျိုး စသည်ဖြင့်ပါ။ မကောင်းတဲ့အလေ့အကျင့်တွေနေရာမှာ ကောင်းတဲ့အလေ့အကျင့်တစ်ခု အစားထိုးနေရာယူလာမယ်ဆိုရင် မကောင်းတဲ့ အလေ့အကျင့်တွေ ကွီးတို့ဘဝထဲက ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

Featured Photo : Sources of Insight