အချိန်ခရီးသွားလို့ ပြောရမယ့် ဘောလုံးပရိသတ်တစ်ဦးရဲ့ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က ဟောကိန်းတစ်ခုဟာ အံ့အားသင့်ဖွယ်ကောင်းအောင်ပဲ အမှန်တကယ်ဖြစ်လာခဲ့ပြီး အဆိုပါဖြစ်ရပ်ဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အရမ်းကိုလူပြောများ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ဟိုဆေးမီဂွယ်ပိုလန်ကို အမည်နဲ့ တွစ်တာအသုံးပြုသူတစ်ဦးက လီယွန်နယ် မက်ဆီ ရဲ့ ဦးဆောင်မှုနဲ့အတူ အာဂျင်တီးနားအသင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်လာလိမ့်မယ်လို့ ကြိုတင် ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။


Photo : The Sun

တကယ်လည်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အာဂျင်တီးနားအသင်းဟာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ မက်ဆီရဲ့ ပင်နယ်တီ ဦးဆောင်အဖွင့်ဂိုးနဲ့ ဒီမာရီယာရဲ့ သွင်းဂိုးတွေနဲ့အတူ ပြင်သစ်အသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် အမ်ဘာပေရဲ့ နောက်ကျချေပဂိုးတွေနဲ့ ကစားပွဲဟာ တော်တော်လေးကို မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပြီး ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပို မိနစ် ၃၀ ပြီးဆုံးချိန်အထိ တစ်ဖက် ၃ ဂိုးစီနဲ့ သရေဖြစ်နေခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွားရာမှာ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ရဲ့ လက်စွမ်းပြကာကွယ်မှုနဲ့အတူ ၃ ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို တောင်အမေရိကသားတို့ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

Photo : Gulf Today

ဟိုဆေးမီဂွယ်ပိုလန်ကို ကတော့ ၂၀၁၅ ခုနှစ် မတ်လ ၂၀ ရက်နေ့ကတည်းက “ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၈ ရက် ၊ လီယွန်နယ် မက်ဆီ ရဲ့ အသက် ၃၄ နှစ်မှာ ကမ္ဘာ့ဖလား ကို ဆွတ်ခူးရရှိပြီး GOAT ဖြစ်လာလိမ့်မယ်။ ၇ နှစ်ကြာရင် ကျွန်တော်နဲ့အတူ ပြန်တိုက်ကြည့်ရအောင်” လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီရဲ့အသက် ၃၄ နှစ် (လက်ရှိမက်ဆီ အသက် ၃၅ နှစ်) ကလွဲရင် အံ့ဩဖွယ်ကောင်းအောင်ပဲ ဟိုဆေးမီဂွယ်ပိုလန်ကိုရဲ့ ခန့်မှန်းချက်ဟာ အတိအကျ မှန်ကန်နေခဲ့တာ ဖြစ်ပါတယ်။ တွစ်တာအသုံးပြုသူတစ်ဦးကတော့ ဟိုဆေးမီဂွယ်ပိုလန်ကို “အချိန်ခရီးသွား” လို့ ချီးကျူးခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း “ တကယ့်ကို ထူးဆန်းလွန်းတဲ့လူပဲ ၊ ဒီကို ဘယ်လိုရောက်လာတာလဲ ” လို့ မှတ်ချက်ရေးသားခဲ့ပါတယ်။

Photo : CNN

နောက်ထပ် တွစ်တာအသုံးပြုသူတွေကြားမှာလည်း ဟိုဆေးမီဂွယ်ပိုလန်ကိုရဲ့ ဟောကိန်းနဲ့ပတ်သတ်ပြီး ချီးကျူးပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ဒါဟာ သူ့ရဲ့ Tweet ပေါင်းမြောက်မြားစွာနဲ့ ဟောကိန်းထုတ်ချက်တွေထဲက တိုက်ဆိုင်တဲ့တစ်ခုကို ချန်ထားခဲ့ကာ မှားယွင်းနေတဲ့ Tweet တွေကို ဖျက်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Featured Photo : LADbible