တစ်ခါတစ်လေမှာ အသုံးမဝင်တော့ဘူးလို့ ထင်တဲ့ ပစ္စည်းတွေ၊ အမှိုက်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေနဲ့လည်း အသုံးဝင်တာတွေကို ကိုယ်တိုင် ဖန်တီးလို့ရပါတယ်။ ဒီနေ့ခေတ်မှာ ပစ္စည်းတွေကို အသုံးမဝင်တော့လို့ ပစ်လိုက်တာထက် ပြန်လည်ပြုပြင် ပြင်ဆင်ပြီး အခြားအသုံးဝင်တဲ့ ပစ္စည်းတစ်ခုခုကို ဖန်တီးတာမျိုး ခေတ်စားနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီးသားလည်း ဖြစ်စေလို့ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ ကွီးတို့အတွက် အသုံးမဝင်တော့တဲ့ ပစ္စည်းတွေ၊ မသုံးတော့တဲ့ ပစ္စည်းတွေနဲ့ အသုံးဝင်တာတွေ ဖန်တီးနိုင်ဖို့ ဝေမျှပေးချင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဝိုင်ပုလင်းခွံတွေ၊ ဝီစကီပုလင်းခွံတွေ၊ ဘီယာပုလင်းခွံတွေနဲ့ အသုံးဝင်တဲ့ ပစ္စည်းတွေ ပြုလုပ်နိုင်တဲ့ အိုင်ဒီယာ ကောင်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ချိတ်ဆွဲနိုင်တဲ့ အလှဆင်မီးအိမ်
Source : DIY ideas
ကွီးတို့အိမ်မှာ ဘီယာပုလင်းတွေ၊ ဝိုင်ပုလင်းအလွတ်တွေ ရှိရင် လုံးဝ မပစ်လိုက်ပါနဲ့။ ဗီဒီယိုထဲမှာ ပြထားတဲ့အတိုင်း ချိတ်ဆွဲနိုင်တဲ့ မီးအိမ် ပြုလုပ်နိုင်ပါတယ်။ လုပ်ငန်းစဉ်က လွယ်ကူပြီး လိုအပ်တဲ့ပစ္စည်းတွေကိုလည်း အလွယ်တကူ ရရှိနိုင်ပါတယ်။ ကွီးတို့ သတိထားရမှာကတော့ ချိတ်ဆွဲတဲ့အခါ ခိုင်ခံ့သေချာမှု ရှိဖို့ပါပဲ။ ဒီ အိုင်ဒီယာလေးက ကွီးတို့အိမ်ကို တမူထူးခြားတဲ့ မီးလုံးလေးတွေနဲ့ အလှဆင်နိုင်စေမှာပါ။
စားပွဲတင် မီးအိမ်လေးတွေ
Photo : Amazon
နောက်ထပ် ဘီယာပုလင်းတွေနဲ့ ပြုလုပ်နိုင်တဲ့ အိုင်ဒီယာတစ်ခုကတော့ စားပွဲတင် အလှဆင် မီးအိမ်လေးတွေ ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဒါကလည်း တော်တော်လေး လွယ်ကူတဲ့ DIY အိုင်ဒီယာလေးပါပဲ။ ဒီအိုင်ဒီယာလေးကို ပြုလုပ်ဖို့အတွက် ပုလင်းခွံတွေကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီး အထဲမှာ ခြောက်သွေ့နေတာ သေချာပါစေ။ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း မီးကြိုးလေးတွေ ထည့်လိုက်ရုံပါပဲ။ ကွီးတို့စိတ်ကြိုက် အရေအတွက်ကို ပြုလုပ်ပြီး အလှဆင်နိုင်ပါတယ်။ ဒီအိုင်ဒီယာလေးက ခေတ်မီ ညလင်းမီးအိမ်လေးနဲ့ တူတာကြောင့် အိပ်ယာဘေးမှာထားတဲ့ မီးအိမ်အနေနဲ့ အသုံးပြုဖို့လည်း တော်တော်လေး အဆင်ပြေပါတယ်။
ဖန်ခွက်တင် အခင်းလေးတွေ
Photo : Scoop Whoop
ဘီယာပုလင်းတွေသာ အသုံးဝင်တာ မဟုတ်ဘဲ အဖုံးလေးတွေကလည်း တော်တော်လည်း အသုံးတည့်ပါတယ်။ အခုဖော်ပြပေးချင်တဲ့ အိုင်ဒီယာလေးကတော့ ပုလင်းခွံလေးတွေနဲ့ ဖန်ခွက်တင်တဲ့ အခင်း (Coasters) လေးတွေ ပြုလုပ်တာပဲ ဖြစ်ပါတယ်။ Coasters လေးတွေ လုပ်ဖို့အတွက် ကော်ပဲ လိုအပ်ပါတယ်။ ပြီးလျှင် ကွီးတို့လိုချင်တဲ့ အရွယ်အစားအလိုက် ဆက်လိုက်ရုံပါပဲ။
အလှဆင် ပန်းအိုးလေးများ
Photo : La Creama Winery
ကွီးတို့ရေ ဖန်ပုလင်းခွံတွေနဲ့ နောက်ထပ်ပြုလုပ်နိုင်တာ ရှိပါတယ်။ ဒါကတော့ အလှဆင် ပန်းအိုးလေးများပါပဲ။ ပုလင်းရဲ့ ထိပ်ကို ဖြတ်လိုက်ပြီး လက်များ မရှစေရန် ကော်ပတ်အနည်းငယ်စားကာ အပင်ငယ်လေးများ ထည့်ပြီး စိုက်ပျိုးနိုင်ပါတယ်။ နေရာအနည်းငယ်သာယူပြီး အမြင်လည်းဆန်းတာကြောင့် နေရာတိုင်းမှာ အလှဆင်ပန်းအိုးအနေနဲ့ ထားနိုင်ပါတယ်။
နံရံပေါ်မှာ အလှဆင်ခြင်း
Photo : Useful DIY Project
နောက်ထပ်တစ်မျိုးကတော့ ဘီယာ ပုလင်းဖုံးလေးတွေနဲ့ နံရံပေါ်မှာ လိုသလို စိတ်ကြိုက် ပုံစံဖန်တီးတာပဲ ဖြစ်ပါတယ်။ အရောင်တူတဲ့ အဖုံးတွေနဲ့ ပုံစံတစ်ခု ဖန်တီးတာ ဒါမှမဟုတ် ရောင်စုံသော အဖုံးတွေနဲ့ ကွီးတို့ဉာဏ်စွမ်းနဲ့ ပေါင်းစပ်ပြီး အမိုက်စား ပန်းချီကားကဲ့သို့ ပုံစံတွေ ဖန်တီးလို့ရပါတယ်။ ဒါက ကွီးတို့ ဉာဏ်နဲ့ စိတ်ကြိုက် ကွန့်မြူးလို့ရတဲ့ အိုင်ဒီယာကောင်းပါပဲ။
ကွီးတို့ရေ မသုံးတော့တဲ့ ပစ္စည်းတွေနဲ့ ဒီလို အမိုက်စား အသုံးဝင်တဲ့ အိုင်ဒီယာလေးတွေကို အခုပဲ ဖန်တီးကြည့်လိုက်ရအောင်ဗျာ။
Source : Scoop Whoop
Fetured Photo : DIY