ပိတ်ရက်တွေမှာ အသုံးဝင်တာလေးတွေ လုပ်ပြီး အချိန်ကုန်ဆုံးချင်ပါသလား။ ပိတ်ရက်ကို အကျိုးရှိရှိ အသုံးချချင်တဲ့ ကွီးတို့အတွက် အသုံးဝင်တဲ့ ပစ္စည်းလေးတွေ ကိုယ်တိုင်ဖန်တီး ပြုလုပ်နိုင်တဲ့ DIY ပရောဂျက် အိုင်ဒီယာကောင်းလေးတွေ အမြဲတင်ဆက်ပေးနေတဲ့ အစီအစဉ်လေး ပြန်လည်ရောက်ရှိလာပါပြီ။ အိမ်တော်တော်များမှာ မသုံးတော့တဲ့ ပစ္စည်းတွေ၊ လွင့်ပစ်တော့မယ့် ပစ္စည်းတွေ ရှိတတ်ပါတယ်။ ဒီလိုပစ္စည်းတွေကနေ အသုံးဝင်တဲ့ အမိုက်စားလေးတွေ ဖန်တီးလို့ရတာဆိုတာ သိပါသလား။ ဒီနေ့မှာတော့ ကွီးတို့အတွက် မသုံးတော့တဲ့ ပစ္စည်းတွေကနေ အမိုက်စားတွေ ပြောင်းလဲနိုင်မယ့် အိုင်ဒီယာကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

အလှဆင် သံဗူး ပန်းအိုးလေးများ

Photo : The Beer Exhange

ကွီးတို့အိမ်မှာ မလွင့်ပစ်ရသေးတဲ့ ဘီယာ သံဗူးတွေ၊ အချိုရည် သံဗူးတွေ ရှိပါသလား။ ဒါဆိုရင်တော့ ဒီလို သံဘူးလေးတွေနဲ့ ပေါ့ပေါ့ပါးပါး အိမ်တွင်းအလှဆင်တဲ့ ပန်းအိုးလေးတွေ ဖန်တီးလို့ရပါတယ်။  အတိမ်အနက်နှင့် အသွင်အပြင်အတွက် ပုံသဏ္ဍာန်နှင့် အရွယ်အစားအမျိုးမျိုးရှိ သံဗူးများကို အသုံးပြုနိုင်ပါတယ်။ ပြီးလျှင် သံဗူးထဲမှာ အိမ်တွင်းစိုက်ပျိုးနေတဲ့ အပင်ငယ်လေးများကို စိုက်ပျိုးပြီး နံရံမှာ အလှဆင်ချိတ်ဆွဲနိုင်သလို စားပွဲတင် အလှပန်းအိုးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ စိတ်ကူးနဲ့ ပေါင်းစပ်ပြီး စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။

နက်ကတိုင် ချိတ်စင်

Photo : Pinterest

ကွီးတို့မှာ မသုံးတော့တဲ့ သစ်သားပြားကြီးကြီး တစ်ပြားနဲ့ သံ အနည်းငယ်ရှိရုံနဲ့တင် လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ နက်ကတိုင်ချိတ်စင်လေး ကိုယ်တိုင်ဖန်တီးပြုလုပ်နိုင်ပါပြီ။ နက်ကတိုင် ဝတ်လေ့ဝတ်ထရှိတဲ့ ကွီးတို့နဲ့၊ နက်ကတိုင်တွေ စုဆောင်းရတာ ဝါသနာပါတဲ့ကွီးတို့အတွက်တော့ အမှန်ကတယ်ကို အသုံးဝင်တဲ့ DIY အိုင်ဒီယာကောင်းလေးပါ။ ဒီနက်ကတိုင်ချိတ်တဲ့ စင်လေးကို ပြုလုပ်ဖို့အတွက် ကွီးတို့အနေနဲ့ မသုံးတော့တဲ့ သစ်သားပြားနဲ့ ၂.၅ လက်မ ရှိတဲ့ သံတွေလိုပါတယ်။ ဒီအိုင်ဒီယာလေးက ကိုယ့်ရဲ့ စိတ်ကူးဉာဏ်ကို မျိုးစုံ ကွန့်မြူးပြီး စိတ်ကြိုက်ဖန်တီးနိုင်သလို သံချောင်းတွေကိုလည်း စိတ်ကြိုက်ပုံဖော်နိုင်ပြီး နေရာချနိုင်ပါတယ်။

ပုလင်း စားပွဲတင်မီးအိမ်လေး

မသုံးတော့တဲ့ အမိုက်စားတွေ

Photo : Pinterest

ဝိုင်ပုလင်းအလွတ်လေးတွေ၊ မသုံးတော့တဲ့ ဖန်ပုလင်းအလွတ်လေးတွေရှိရင် လွှင့်မပစ်ဘဲ အမိုက်စား အိုင်ဒီယာလေး တစ်ခုအသုံးချလို့ရပါတယ်။ ဒါကတော့ စားပွဲတင်မီးအိမ်လေး ပြုလုပ်ခြင်းပါပဲ။ ဒီနည်းလေးကတော့ လွယ်ကူပြီး ပစ္စည်း‌လေး အနည်းငယ် ရှိရုံနဲ့တင် ပြုလုပ်နိုင်ပါတယ်။ ဒီအိုင်ဒီယာလေးကို ပြုလုပ်ဖို့အတွက် ဖန်ပုလင်းကို ပထမဦးစွာ ရေစင်အောင်ဆေးကြောပြီး ခြောက်သွေ့နေပါစေ။ ပြီးလျှင် ကိုယ့်စိတ်ကြိုက် မီးလုံးလေးတွေ ထည့်ပြီး အလှဆင်လိုက်ရုံပါပဲ။ ကွီးတို့ အိမ်ခန်းထဲမှာပဲ ထားပြီး စားပွဲတင်မီးအိမ်လေး လုပ်လို့ရသလို၊ ဧည့်ခန်းမှာလည်း Decoration တစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။

သစ်သား ဖယောင်းတိုင်စင်

မသုံးတော့တဲ့ အမိုက်စားတွေ

Photo : Home Bnc

အိမ်အလှဆင်ချင်လို့ပဲ ဖြစ်ဖြစ်၊ သစ်သားဟောင်းတွေ ပိုနေလို့ပဲ ဖြစ်ဖြစ်၊ တစ်ခုခု အသုံးဝင်တာလေး လုပ်ချင်တယ်ဆိုရင် ဒီ သစ်သား ဖယောင်းတိုင်စင် လေးက စိတ်ကူးကောင်းပါပဲ။ ဒီ အိုင်ဒီယာလေးကို အသုံးချဖို့ မသုံးတော့တဲ့ သစ်သားအချို့ပဲ လိုပါတယ်။ ပြီးရင် ချိတ်ဆွဲဖို့ပဲ ဖြစ်ဖြစ်၊ မီးအိမ်ပုံစံလုပ်ဖို့ပဲ ဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် ကြိုးတွေကို အသုံးပြုပြီး ဖန်တီးပြုလုပ်နိုင်ပါတယ်။ လုပ်ရတာလည်း လွယ်ကူတဲ့ အိုင်ဒီယာကောင်းလေး တစ်ခုပါပဲ။

ဒီလို မသုံးတော့တဲ့ ပစ္စည်းတွေကို ကွီးတို့ရဲ့ စိတ်ကူးနဲ့ အိုင်ဒီယာတွေ ပေါင်းစပ်ပြီး အမိုက်စားတွေ ဖန်တီးလိုက်ပါ။

Source : Home Bnc

Featured Photo : The Merry Thought