ကိုယ်ချစ်တဲ့ ကောင်မလေးက ကိုယ့်ကို “ဟင့်အင်း” လို့ ငြင်းလိုက်ရင် ရင်နာရတာပဲ မလား။ ဘာကြောင့်များ ငါ့ကို ပြန်မချစ်နိုင်သလဲလို့လည်း တွေးမိကြမှာပါပဲ။ သူ့မေတ္တာကို ရနိုင်တဲ့သူဖြစ်အောင် ကိုယ်ဘာတွေ လုပ်ပေးရမလဲဆိုပြီးလည်း စဉ်းစားတွက်ချက်နေတတ်ကြတာပါပဲ။ တကယ်တော့ မိန်းကလေး တစ်ယောက်ဟာ ‌ယောကျာ်းလေးတွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့ မချစ်နိုင်ကြောင်း ငြင်းတတ်ကြပါတယ်။ ဒီလို အကြောင်းပြချက်တွေထဲက ဖြစ်နိုင်ခြေအများဆုံး အကြောင်းရင်း ၅ ခုကို ပြောပြပေးချင်ပါတယ်။

(၁) ရည်ရွယ်သူ ရှိလို့

girl-reject-guy-give-her-jewelry-ring-propose-marry

Photo: Freepik

ကောင်မလေးတစ်ယောက်ဟာ ရည်းစားရှိရင်ပဲ ဖြစ်ဖြစ် ၊ သူတိတ်တိတ်လေး ကြွေနေရတဲ့သူ ရှိလို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း သူ့အဆက်ဟောင်းပေါ် စိတ်မကုန်လို့ပဲ ဖြစ်ဖြစ် အကြောင်းတစ်ခုခုနဲ့ သင့်အချစ်ကို ငြင်းပယ်တတ်ပါတယ်။ စဉ်းစားစရာမလိုအောင် တန်းငြင်းလိုက်တာမျိုးပါ။ ဒီလို ငြင်းရတဲ့ အကြောင်းရင်းနောက်ကွယ်မှာ ခံစားမှုတွေနဲ့ ပြည့်နှက်ပိတ်ဆို့နေတာကြောင့် ဖြစ်ပါတယ်။

အဲ့လို အမျိုးသမီးတစ်ယောက်ကို ဆက်ပြီး ချစ်နေတယ်ဆိုရင် ဇွတ်မတိုးပါနဲ့။ လေးစားမှု ၊ ယဉ်ကျေးမှုနဲ့ စွန့်လွှတ်မှုတွေ အရင်းခံပြီး သစ္စာရှိရှိ ဆက်ချစ်နေပါ။ အကောင်းဆုံးက နောက်ဆုတ်လိုက်တာပါပဲ။

(၂) သူ့အကြိုက်နဲ့မကိုက်လို့

stop-it-young-serious-girl-putting-her-hand-up-preventing-her-colleague-from-asking-romantic-date

Photo: Freepik

လူတိုင်းမှာ သူတန်ဖိုးထားတဲ့စံနှုန်းတွေ ကိုယ်စီရှိကြစမြဲပါ။ ချစ်သူရွေးမယ်ဆိုရင်လည်း ဘယ်လိုကောင်မလေးမျိုး ၊ ဘယ်လိုကောင်လေးမျိုးပဲ ရွေးမယ်ဆိုပြီး ငယ်ငယ်ကတည်းက စိတ်ကူးထားတဲ့ ယောင်္ကျားလေး ၊ မိန်းကလေးတွေ ရှိကြပါတယ်။ ဒီလိုပြောလို့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့ အချစ်ရဖို့ ဂျော့ချ်ကလူနီလို ဘရက်ဒ်ပစ်လို ပုံစံမျိုး ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ရဲ့ ပုံစံနဲ့ နေပုံထိုင်ပုံကိုပဲ မြှင့်ထားရမှာပါ။
ဒီအတွက် ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် ဝတ်စားပါ။ သန့်သန့်ရှင်းရှင်း မွှေးမွှေးပျံ့ပျံ့ နေပါ။ ဆံပင်ပုံစံကို သေချာဂရုစိုက်ပါ။ တကယ်လို့ ကိုယ့်အမြင့်ဆုံး စိတ်နေစိတ်ထား ၊ စရိုက်နဲ့ နေထိုင်မှုပုံစံကို ကိုယ်ကြိုက်နေတဲ့ ကောင်မလေးက သဘောမကျဘူးဆိုရင်တော့ ဆက်ပြီး မလှုပ်ရှားတာ ပိုကောင်းပါတယ်။

(၃) အဆင်သင့်မဖြစ်သေးလို့

stop-it-young-serious-girl-putting-her-hand-up-preventing-her-colleague-from-asking-romantic-date

Photo: Freepik

တချို့ကောင်မလေးတွေရဲ့ အချစ်ကို မရတဲ့ အကြောင်းရင်းထဲမှာ သင်ဟာ အချိန်မသင့်ချိန်မှာ ချစ်ရေးဆိုခဲ့မိလို့လည်း ဖြစ်တတ်ပါတယ်။ ရုတ်တရပ် တုံ့ပြန်မှုမှာ သင့်ကို ငြင်းခဲ့မိပြီး နောက်များမှ သူ့စိတ်ထဲမှာ တနုံ့နုံ့နဲ့ သင့်ကို တောင့်တမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကောင်မလေးတစ်ယောက်ကို ချစ်ရေးဆိုတော့မယ်ဆိုရင် အချိန်အခါကောင်းသိပါ ၊ ပြင်ပြင်ဆင်ဆင်လေး အချိန်ယူပြီးမှ ချစ်ရေးဆိုပါလို့ အကြံပြုချင်ပါတယ်။

(၄) ကိုယ့်နောက်ကြောင်း မကောင်းခဲ့လို့

lovers-break-up-valentines-day

Photo: Freepik

အတိတ်ဆိုတာ လူတစ်ယောက်ကို အကဲဖြတ်တဲ့ ပေတံတစ်ချောင်းပါပဲ။ အတိတ်ကြောင်း မကောင်းတဲ့လူတစ်ယောက်ကို ဘယ်သူကမှ ယုံယုံကြည်ကြည် ချစ်နိုင်တွယ်တာနိုင်ဖို့ မလွယ်ပါဘူး။ အရင်က ပွေရှုပ်တယ်လို့ နာမည်ပျက်ခဲ့သူတစ်ယောက်ကို မိန်းကလေးတစ်ယောက် ငြင်းတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် လူကောင်းတစ်ယောက်အဖြစ် ပြန်တည်ဆောက်ပါ။ လှပတဲ့ အနာဂါတ် ရှိတဲ့လူတစ်ယောက်လို ပစ္စုပ္ပန်မှာ ထိုက်တန်စွာ နေထိုင်ပါ။

(၅) စိတ်ကို မဝင်စားလို့

woman-refusing-engagement-ring-concept-breakup-rejection-proposal-marriage

Photo: Freepik

သင်ကလွဲရင် ကျန်တဲ့သူကို စဉ်းစားမယ်ဆိုတဲ့ မိန်းကလေးမျိုး တွေ့ဖူးကောင်း တွေ့ဖူးမှာပါ။ သူတို့ကို ချဉ်းကပ်ရင် အမြဲပဲ No လို့ ကြားရပါလိမ့်မယ်။ အကြောင်းပြချက်ကလည်း ရှင်းပါတယ်။ ရှင်းလွန်းလို့ ဘယ်လို ပြန်ရှင်းရမှန်းမသိအောင် ရှင်းတာမျိုးပါ။ စိတ်ကို မဝင်စားလို့ ဆိုတဲ့ စကားမျိုး ဖြစ်ပါတယ်။ ဒါမျိုးဆိုရင် ဆက်ပြီး မကြိုးစားတာက ဉာဏ်ရှိတဲ့ အလုပ်လို့ ထင်ပါတယ်။