ကွီးတို့ သဘောကျနေတဲ့ မိန်းကလေးဆီက Impression ကောင်းရပြီး အမှတ်ပြည့် လိုချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့အနေနဲ့ အမျိုးသမီးလေးတွေ အမျိုးသားတစ်ယောက်ဆီက သူတို့လိုချင်တဲ့ အရာတွေ ၊ သတိပြုစရာ အချက်လေးတွေကိုတော့ သိရှိထားဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာ ကွီးတို့ သိထားရမဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။
ချိန်းဆိုမှု တစ်ခုခုကို အချိန်မှန်ပါစေ
Photo : Insider
ကွီးတို့ရေ ကွီးတို့သဘောကျနေတဲ့ အမျိုးသမီးလေးနဲ့ အပြင်မှာတွေ့ဖို့ဖြစ်စေ၊ ဖုန်းဆက်ဖို့အချိန်တစ်ခု သတ်မှတ်ထားရင် ဖြစ်စေ အချိန်မနောက်ကျစေပါနဲ့။ သူမ စောင့်နေရတာမျိုး မဖြစ်ပါစေနဲ့။ အမျိုးသမီးတွေမှာ အချိန်နဲ့ ပတ်သတ်ပြီး စံနှုန်းတွေ ရှိနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ အချိန်လေးစားပြီး အချိန်မှန်တဲ့ ယောက်ျားတစ်ယောက်က သူ့ဘဝရဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသပါတယ်။ ဒါဟာ အမျိုးသမီးတွေအပေါ် ဆွဲဆောင်မှု ရှိစေတဲ့အချက်လည်း ဖြစ်ပါတယ်။
ယဉ်ကျေးသော အပြုအမူကောင်းများရှိပါစေ
Photo : The Modern Man
ကွီးတို့ရေ အမျိုးသမီးတွေက သူမကိုသာမက လူတိုင်းကိုယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ ယောက်ျားလေးမျိုးကို သဘောကျကြပါတယ်။ ကွီးတို့ သဘောကျတဲ့ မိန်းကလေးကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ။ အခြေအနေအလိုက် ကားတံခါးဖွင့်ပေးတာမျိုး ၊ စားသောက် ဆိုင်မှာ သူမအတွက် ထိုင်ဖို့ခုံဆွဲပေးတာမျိုး စတဲ့အမူအကျင့်ကောင်းလေးတွေ ရှိပါစေ။ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်မှုနဲ့ ကောင်းမွန်တဲ့ အမူအကျင့်တွေက ကွီးတို့ သဘောကျနေတဲ့ မိန်းကလေးဆီက အမှတ်ပြည့် မဲ့ အချက်တစ်ခု ဆိုလည်း မမှားပါဘူး။
ပြုံးပါ
Photo : 8Pm news
သူမရှိနေခြင်းဟာ ကွီးကို ပျော်ရွှင်စေတယ်ဆိုတာ သိတာထက် အမျိုးသမီးတစ်ယောက်အတွက် ကျေနပ်စရာဘာမှမရှိပါဘူး။ လူတစ်ယောက်ရဲ့ ပြုံးနေတဲ့ မျက်နှာဟာ တကယ်ကို ဆွဲဆောင်မှုရှိ ရုံသာမက လူအများအတွက်လည်း နှစ်လိုဖွယ်ဖြစ်စေပါတယ်။ သူမနဲ့တွေ့ဆုံတဲ့ အခါတိုင်း စစ်မှန်ပြီး နွေးထွေးတဲ့ အပြုံးကိုပေးပါ။
နားထောင်သူကောင်း တစ်ယောက်ဖြစ်ပါစေ
Photo : Life-N-Lesson
လူတစ်ယောက်နဲ့ စကားပြောနေချိန်မှာ စကားဝိုင်းအပေါ် အလေးအနက်ထားပြီး နားထောင်ပေးတာဟာ ကိုယ့်ရဲ့ လေးစားမှုကို ပြသခြင်းတစ်မျိုးပါပဲ။ ဒါ့အပြင် မိန်းကလေးတွေက သူတိုပြောတဲ့စကားကို အလေးထားနားထောင်ပေးတတ်တဲ့ သူတွေကို သဘောကျကြပါတယ်။ သူတို့နဲ့စကားပြောရင် သေချာအလေးထားပြီး နားထောင်ပေးပါ။ ဆွေးနွေးပေးပါ။ စကားဝိုင်းအပေါ် စိတ်ဝင်စားမှုရှိကြောင်း ပြသပါ။ ဒီအချက်ကလည်း ကွီးတို့အနေနဲ့ သူမအပေါ်လေးစားမှုရှိကြောင်း ပြသပြီးသားလည်း ဖြစ်စေပါတယ်။
ဟာသဉာဏ်ရှိပါစေ
Photo : Best Life
ဟာသဉာဏ်ရှိတဲ့ အမျိုးသားတွေကို မိန်းကလေးတွေက ပိုသဘောကျတတ်ပါတယ်။ ကွီးတို့ သူမနဲ့ စကားလက်ဆုံကျတဲ့အချိန်မှာ အခြေအနေကိုလိုက်ပြီး ဟာသလေးတွေပြောပါ။ ကွီးတို့အနေနဲ့ ဟာသကို အချိန်တိုင်းမပြောပါနဲ့။ အချိန်ကောင်းတစ်ခုကိုစောင့်ပါ။ ဟာသပြောတတ်ဖို့ကတော့ ပါရမီ မဖြစ်မနေပါစရာ မလိုပါဘူး။ အွန်လိုင်းကနေ စိတ်ဝင်စားစရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး ဟာသလေးတွေကို လေ့ကျင့်ထားပါ။ သတိပြုရမှာကတော့ ရိုင်းစိုင်းတဲ့ ဟာသများနဲ့ မဖွယ်မရာ ဟာသများကို ရှောင်ပါ။
ရိုမန်တစ် ဖြစ်ပါစေ
Photo : lovePanky
ကွီးတို့ရဲ့ ရိုမန်တစ်ဆန်တဲ့ အပြုအမူသေးသေးလေးတွေက ကွီးတို့သဘောကျနေတဲ့ မိန်းကလေးဆီက အမှတ်ပြည့် ရဖို့ ကူညီနိုင်ပါလိမ့်မယ်။ သူမကို ဘယ်လောက် ချစ်ကြောင်းပြောပြပါ။ သူမကို ပျော်ရွှင်သွားစေမဲ့ အရာလေးတွေလုပ်ပြီး သူမဟာ ကွီးအတွက်ဘယ်လောက်အရေး ပါတယ်ဆိုတာသိရှိခံစားပါစေ။ ကွီးတို့အနေနဲ့ သူမနဲ့တွေ့ဆုံချိန် ပန်းစည်းလေး ပြင်ဆင်သွားတာလည်း စိတ်ကူးကောင်းပါပဲ။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက ကွီးတို့သဘောကျနေတဲ့ မိန်းကလေးဆီက အမှတ်ပြည့်ရပြီး သာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းလေးဖြစ်ဖို့ ကူညီပေးပါလိမ့်မယ်။
Featured Photo : Times of India