ခပ်ဖွဲဖွဲ ကျနေတဲ့ မိုးစက်လေးတွေနဲ့ အုံမှိုင်းမှိုင်းရာသီဥတုက ခံစားချက်တစ်ခုခုကို ပေးဆောင်နေတယ် မဟုတ်ပါလား။ ဒီလို မိုးရွာတဲ့ ရာသီဥတုလေးမှာ စတိုင်လ်ကျကျ ဝတ်စားဖို့ ခက်တယ်လို့ထင်ရင် မှားသွားပါလိမ့်မယ်။ မိုးစက်တွေကြားမှာ သက်တောင့်သက်သာရှိပြီး အဖိုင်းစား ဖက်ရှင်တွေနဲ့လည်း ဂေါ်လို့ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် မိုးရာသီမှာ အထာကျကျ ဝတ်ဆင်နိုင်တဲ့ ဖက်ရှင် အိုင်ဒီယာတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
အိုင်ဒီယာ (၁)
Photo : Styleoholic
ကွီးတို့ရေ မိုးစက်တွေကြားမှာ သက်တောင့်သက်သာလည်း ရှိချင်တယ် စတိုင်လ်လည်းကျချင်တယ်ဆိုရင်တော့ အများကြီးစဉ်းစားစရာ မလိုပါဘူး။ အနက်ရောင် ဂျင်းဘောင်းဘီ၊ အဖြူရောင် တီရှပ်နဲ့ အပေါ်ထပ် တစ်ထည်ထည်ကို တွဲဖက်ဝတ်ဆင်လိုက်ပါ။ ပေါ့ပါးလွတ်လပ်ပြီး သက်တောင့်သက်သာ ရှိမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
အိုင်ဒီယာ (၂)
Photo : Styleoholic
ခပ်မိုက်မိုက်နဲ့ အလန်းစား စတိုင်လ်ကို လိုချင်ရင်တော့ သားရေ ဂျက်ကတ်တွေက ဝတ်ဆင်လို့ အကောင်းဆုံးပါပဲ။ သားရေဂျက်ကတ်ကို ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ အထာလည်းကျ စတိုင်လ်လည်းမိတဲ့ ဖက်ရှင်ပါပဲ။
အိုင်ဒီယာ (၃)
Photo : Styleoholic
နောက်ထပ် မိုးရာသီမှာ ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်အိုင်ဒီယာကောင်းလေးကတော့ သက်တောင့်သက်သာရှိမှုကို ပေးစွမ်းနိုင်တဲ့ Chinos ဘောင်းဘီနဲ့ ရှပ်အင်္ကျီကို တွဲဖက်ဝတ်ဆင်ခြင်းပါပဲ။ ပြီးရင် အပေါ်ထပ် တစ်ထည်ထပ်ဝတ်လိုက်ပါ။ ဘောင်းဘီကို အနည်းငယ်ခေါက်ထားခြင်းဖြင့် စိုစွတ်မှုကို ကာကွယ်နိုင်ပြီး ပေါ့ပါးလွတ်လပ်မှုနဲ့ စတိုင်လ်ကျမှုကို တစ်ပြိုင်နက်တည်း ပေါ်လွင်စေပါလိမ့်မယ်။
အိုင်ဒီယာ (၄)
Photo : Styleoholic
အေးမြတဲ့ မိုးစက်တွေကြားမှာ နွေးထွေးမှုကို Blazer တွေက ပေးစွမ်းနိုင်ပါတယ်။ မိုးရာသီက Blazer တွေကို အထာကျကျ ဝတ်ဆင်နိုင်တဲ့ အချိန်ကောင်းပါပဲ။ ဂျင်းဘောင်းဘီရယ်၊ ရှပ်အင်္ကျီရယ်ကို ကွီးတို့စိတ်ကြိုက် Blazer တစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒီဖက်ရှင်က ကွီးတို့ရဲ့ စတိုင်လ်ကို တစ်ဆင့်မြှင့်ပေးနိုင်ပါတယ်။
အိုင်ဒီယာ (၅)
Photo : Pinterest
ပုံမှန်ဆိုရင် ယောက်ျားလေး တော်တော်များများက ဘောင်းဘီတိုတွေကို စတိုင်လ်တစ်ခု အနေနဲ့ ဝတ်ဆင်ဖို့ တွန့်ဆုတ်နိုင်ပါတယ်။ မိုးရာသီကတော့ ဘောင်းဘီတိုတွေနဲ့ အထာကျဖို့ အချိန်ကောင်းပါပဲ။ ဘောင်းဘီတိုတွေက ဘောင်းဘီရှည်တွေထက် စိုစွတ်နေမှုကို လျော့ပါးစေပါတယ်။ ဒါ့အပြင် လွတ်လပ်ပေါ့ပါးပြီး လူငယ်ဆန်မှုကို ပေးစွမ်းနိုင်တယ်ဆိုလည်း မမှားပါဘူး။
အိုင်ဒီယာ (၆)
Photo : Styleoholic
မိုးရာသီ ဖက်ရှင်လို့ ပြောလိုက်တာနဲ့ မိုးကာအင်္ကျီတွေကို ချန်ထားခဲ့လို့ မရပါဘူး။ မိုးကာအင်္ကျီတွေက စိုစွတ်မှုကို ကာကွယ်ပေးနိုင်သည်သာမက အခုနောက်ပိုင်းမှာ မိုးရာသီရောက်ရင် ဖက်ရှင်တစ်ခုအနေနဲ့လည်း ရေပန်းစားလာပါတယ်။ ကွီးတို့လည်း ရောင်စုံမိုးကာ အင်္ကျီတွေကို ဝတ်ဆင်ပြီး မိုးစက်တွေကြားမှာ ဂေါ်လို့ရပါတယ်။
အိုင်ဒီယာ (၇)
Photo : Next Luxury
လေးနက်တဲ့ အသွင်အပြင်ကို ဆောင်ဖို့ဆိုရင် မိုးရာသီမှာ ကုတ်အင်္ကျီတွေကလည်း ကူညီပေးနိုင်ပါတယ်။ နွေးထွေးစေပြီး စတိုင်လ်ကျမှုကို ဒီလိုဖက်ရှင်က ပေးပါလိမ့်မယ်။
မိုးစက်တွေကြားမှာ အထာကျကျ အဖိုင်းစား ဖက်ရှင်တွေနဲ ဂေါ်ဖို့ အိုင်ဒီယာလေးတွေ ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ ကွီးတို့ စိတ်ကူးနဲ့ ပေါင်းစပ်ပြီး ပိုပြီး မိမိုက်တဲ့ ဖက်ရှင်တွေ ဖန်တီးဝတ်ဆင်နိုင်ပါတယ်။ မိုးရာသီမှာ တစ်ခုသတိထားရမှာက ကွီးတို့နာရီနဲ့ ဖိနပ်ကို ရေစိုခံနိုင်ဖို့ သေချာရွေးချယ်ဖို့ လိုပါတယ်။
Featured Photo : Styleoholic