မုတ်သုံရာသီဟာ ခရီးသွားလို့ကောင်းတဲ့ ရာသီတစ်ခုတော့ မဟုတ်ပေမယ့် အချို့နေရာဒေသတွေက မိုးရာသီ မှာမှ ပိုလှနေတာမျိုးပါ။ ဥပမာအားဖြင့် စာရေးသူတို့ နိုင်ငံအတွင်းက ကရင်ပြည်နယ် ဘားအံမြို့ကို ကြည့်မယ်ဆိုရင် သက်သေပါပဲ။ ဒါပေမယ့် မိုးရာသီအတွင်း နိုင်ငံခြား ပြည်ပခရီးစဉ်တွေ သွားမယ် စိတ်ကူးထားရင်တော့ အိန္ဒိယနိုင်ငံ ကို ရှောင်ဖို့ အကြံပေးချင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုးရာသီဆိုရင်မြို့ကြီး ပြကြီးတွေနဲ့ ပြည်နယ်တော်တော်များများမှာ မိုးသည်းထန်စွာရွာလေ့ရှိပြီး ရေကြီးရေလျှံမှုတွေနဲ့အတူ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေတွေအထိ ရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မုတ်သုံရာသီအတွင်း ခရီးသွားဖို့ လုံးဝရှောင်ရှားသင့်တဲ့ အိန္ဒိယနိုင်ငံထဲက မြို့တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Mumbai

Mumbai

Photo : KLM Australia

မိုးရာသီ အတွင်း အိန္ဒိယနိုင်ငံရဲ့ အနောက်ဘက်ခြမ်း ဒေသတွေမှာ တော်တော်လေး ဆိုးဆိုးရွားရွား မိုးရွာသွန်းလေ့ ရှိတာကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒီထဲမှာ အရင်က ဘုံဘေလို့ ခေါ်ခဲ့ကြတဲ့ Mumbai မြို့လည်း အပါအဝင်ပါ။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် Mumbai ဟာ မုတ်သုံရာသီအတွင်းမှာ အဝေးပြေးကား ခရီးစဉ်တွေ ၊ ရထား ခရီးစဉ်တွေ ဖျက်သိမ်းရတဲ့အထိ မိုးသည်းထန်စွာ ရွာသွန်းလေ့ ရှိပါတယ်။

(၂) Goa

Goa

Photo : Lonely Planet

Goa ကတော့ အာရေဗျကျွန်းဆွယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အနောက်ဘက်ခြမ်းက ကမ်းရိုးတန်း မြို့လေး ဖြစ်ပါတယ်။ သာယာလှပတဲ့ ကမ်းခြေမြို့လေး ဖြစ်ပေမယ့် မိုးရာသီ မှာတော့ မြို့ရဲ့အဓိကနေရာ တော်တော်များများ ရေကြီးရေလျှံမှုတွေ ဖြစ်တဲ့အထိ မိုးရွာသွန်းလေ့ရှိပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာရှိတဲ့အပြင် ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသေဆုံးမှုတွေအထိပါ ဖြစ်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

(၃) Darjeeling

darjeeling

Photo : Wikipedia

နိုင်ငံခြား ခရီးသွားတွေကြားမှာတော့ တော်တော်လေး နာမည်ကြီးပါတယ်။ Darjeeling ဟာ ဖော်ညွှန်းစရာမရှိလောက်အောင် သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်ပြီး စိတ်ငြိမ်သက်အေးချမ်းမှုတွေကို ရှာဖွေလို့အကောင်းဆုံး ခရီးသွားတွေအကြိုက် နေရာတစ်ခုပါ။ ဒါပေမယ့် မိုးရာသီ အတွင်းမှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှု အခြေအနေကို အဆိုးဆုံး ကြုံတွေ့ရလေ့ ရှိပြီး လမ်းခရီး အန္တရာယ် ၊ ယာဉ်မတော်တဆမှု အန္တရာယ်တွေ ရှိနေတာကြောင့် မုတ်သုံရာသီမှာ Darjeeling ကို ခရီးသွားဖို့ ရှောင်တာအကောင်းဆုံး ဖြစ်ပါတယ်။

(၄) Udupi

Udupi
Photo : HotelsCombined

အိန္ဒိယနိုင်ငံ အနောက်တောင်ဘက် Karnataka ပြည်နယ်ထဲက နာမည်ကြီး မြို့တစ်မြို့ဖြစ်ပါတယ်။ ၁၃ ရာစုဝန်းကျင် လောက်ကတည်းက တည်ရှိတဲ့ ရှေးခေတ် ဟိန္ဒူဘုရားကျောင်းတွေကြောင့် ခရီးသွားတွေကြားမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် မိုးရာသီ ထဲမှာတော့ Udupi
မြို့ဟာ မိုးသည်းထန်စွာရွာသွန်းလေ့ရှိပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် ရေကြီးရေလျှံမှုတွေနဲ့အတူ ဒေသခံတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို နှစ်စဉ်ကြုံတွေ့ရလေ့ ရှိတာကြောင့် မိုးရာသီထဲမှာ Udupi ဒေသဆီ ခရီးမသွားဖို့ အကြံပေးချင်ပါတယ်။

Source : Holidify

Featured Photo : My Travel Frames