မျက်ကွင်းညို နေလို့ မံမီ ကတောင် အဘိုးခေါ်နေရတဲ့ ညိုကီတို့ ရှိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို လက်မလွတ်တမ်း ဖတ်ရှုသင့်ပါတယ်။
ဘာ့ကြောင့် မျက်ကွင်းညိုရသလဲ။
မျက်ကွင်းညိုခြင်းသည် များသောအားဖြင့် ပင်ပန်းနွမ်းနယ်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာလည်း အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် မျက်အိတ်တွေက ဖောင်းကားလာပြီး ညိုမဲလာတတ်ပါတယ်။ အချို့ကလည်း ညစဥ်ရက်ဆက် အိပ်ရေးပျက်တာတွေ များလာမယ်ဆိုရင်လည်း မျက်ကွင်းညိုခြင်းကို ကြုံတွေ့ခံစားရတတ်ပါတယ်။
တချို့တွေမှာကျတော့ မျိုးရိုးဗီဇအရကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ ဒီအချက်ကတော့ ဘယ်လိုမှ ရှောင်ကြဥ်လို့ မရပါဘူး။ ဘယ်လောက်ပဲ အိပ်ရေးဝဝ အိပ်စက်အနားယူပါစေ၊ မျက်ကွင်းညိုခြင်းက ပျောက်မသွားပါဘူး။
နောက်တစ်ချက်ကတော့ မျက်လုံးကို အလွန်အမင်း ပွတ်တိုက်လို့ပဲဖြစ်ပါတယ်။ မျက်လုံးကို အလွန်အမင်း ပွတ်တိုက်လိုက်တဲ့အခါ မျက်အိတ်တွင်းရှိ သွေးကြောလေးတွေက ဖောင်းလာတတ်ပြီး သွေးကြောအချို့ ပြတ်တောက်သွားကာ မျက်ကွင်းညိုခြင်းကို ခံစားရတတ်ပါတယ်။
နောက်ထပ် ဖြစ်နိုင်တဲ့ အချက်ကတော့ ရေဓာတ် ခမ်းခြောက်လို့ပဲ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခန္ဓာကိုယ်က ရေဓာတ် အလုံအလောက် မရရှိတဲ့အခါ အသားအရေက မွဲခြောက်ခြောက်ကြီးဖြစ်လာပြီး မျက်ကွင်းညိုခြင်း ပြဿနာကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ ဆေးလိပ် သောက်ခြင်းတို့ကြောင့်လည်း ကွီးတို့ရဲ့ မျက်ကွင်းညို သွားပြီး မံမီ ကတောင် အဘိုးခေါ်နေရတဲ့ အဖြစ်မျိုး ကြုံတွေ့ရတတ်ပါတယ်။
မျက်ကွင်းညိုခြင်းကို သက်သာပျောက်ကင်းသွားအောင် ဘယ်လိုနည်းလမ်းတွေ အသုံးချလို့ရမလဲ။
အိပ်ရေး ဝဝ အိပ်စက်အနားယူပါ
မျက်ကွင်းညိုသူများအနေနဲ့ တစ်ညလျှင် အနည်းဆုံး ၇ နာရီခန့် အိပ်ချိန်ရရှိအောင် ကြိုးစားသင့်ပါတယ်။ အိပ်ရေး ဝဝ အိပ်စက်အနားယူခြင်းဖြင့် ကွီးတို့ရဲ့ မျက်ကွင်းညိုခြင်းကို တဖြည်းဖြည်း သက်သာပျောက်ကင်းသွားအောင် ပြုလုပ်နိုင်ပါတယ်။
ခေါင်းအုံး များများ အသုံးပြုပါ
ညဘက်အိပ်စက်တဲ့အခါ ခေါင်းအုံးကို မြင့်မြင့်ထားအိပ်ပြီး မျက်ကွင်းညိုခြင်းကို ပျောက်ကင်းသွားအောင် ဖန်တီးနိုင်ပါတယ်။ ခေါင်းအုံးမြင့်မြင့်ထားအိပ်တဲ့အခါ မျက်အိတ်ထဲတွင် အရည်များ စုပုံလာပြီး မျက်အိတ် ဖောင်းလာခြင်းဖြစ်စဥ်မှ ကာကွယ်ပေးနိုင်ပါတယ်။
အေးသော နည်းလမ်းကို အသုံးပြုပါ
Photo: Medicalnewstoday
ဇွန်းတစ်ချောင်းကို ရေခဲသေတ္တာထဲ အအေးခံထားပြီးနောက် မျက်လုံးပေါ်တွင် တင်ထားပေးလိုက်ပါ။ ဒီလို ပြုလုပ်ခြင်းသည် ဖောင်းနေသော သွေးကြောများကို ကြုံသွားစေပြီး မျက်အိတ်ဖောင်းခြင်း၊ မျက်ကွင်းညိုခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
သခွားသီး အသုံးပြုပါ
သခွားသီး နည်းလမ်းကလည်း စောစောကနည်းလမ်းနဲ့ အတူတူပါပဲ။ သခွားသီးကို အကွင်းလိုက် ပါးပါးလှီးပြီးနောက် မျက်လုံးပေါ်မှာ အုပ်ထားပေးလိုက်ပါ။ သခွားသီးမှာ ရေဓာတ် ကြွယ်ဝပြီး ဗီတာမင် စီလည်း ပါဝင်တဲ့အတွက်ကြောင့် ကွီးတို့ရဲ့ မျက်ကွင်းညိုခြင်းကို သက်သာပျောက်ကင်းသွားစေမှာပဲ ဖြစ်ပါတယ်။
လက်ဖက်ခြောက်အိတ် အသုံးပြုပါ
လက်ဖက်ခြောက်အိတ်ကို အအေးခံထားပြီးနောက်မှာ မျက်လုံးပေါ်မှာ အုပ်ထားလိုက်ပါ။ ဒီလို ပြုလုပ်ခြင်းသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး မျက်ကွင်းညိုခြင်းကို သက်သာပျောက်ကင်း စေပါတယ်။ လက်ဖက်ခြောက်မှာ ပါဝင်တဲ့ ကာဖိန်းဓာတ်နှင့် Antioxidants သည် ကွီးတို့ရဲ့ မျက်ကွင်းညိုခြင်းအတွက် အကောင်းဆုံး ဆေးစွမ်းကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။
ဒီနည်းလမ်းများကို အသုံးပြုမယ်ဆိုရင်တော့ မျက်ကွင်းညို လို့ မံမီ က ဘိုးအေ ခေါ်ခံရတဲ့ အဖြစ်မျိုးက ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။
Source: Clevelandclinic
Featured Image: Men’s Health