တက်တူး ဟာ တစ်ချိန်က ကန့်သတ်ချက် တားမြစ်ချက်တစ်ခုအဖြစ် ရှိခဲ့ရာမှ ဒီဘက်ခေတ်မှာတော့ လူကြိုက်များ ရေပန်းစားတဲ့ အနုပညာတစ်ရပ် ဖြစ်လာခဲ့ပါပြီ။ စစ်တမ်းတွေအရ နိုင်ငံတစ်နိုင်ငံရဲ့ လူဦးရေ ၃၀ ရာခိုင်နှုန်း ဝန်းကျင်ဟာ တက်တူးရေးထိုးထားကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဘက်ခေတ်မှာ တက်တူးနဲ့ ပတ်သတ်ပြီး လူတွေရဲ့ အမြင်တွေ များစွာပြောင်းလဲလာခဲ့ပေမယ့် တစ်ချို့အတွက်တော့ ဒါဟာ လက်မခံချင်စရာ အရာတစ်ခုအဖြစ် ရှိနေပါသေးတယ်။

တက်တူးဟာ လွတ်လပ်တဲ့ အနုပညာတစ်ခု ဖြစ်တာကြောင့် မိမိရဲ့ ခန္ဓာကိုယ်ပေါ်မှာ လွတ်လပ်စွာ ပုံဖော် ရေးထိုးခွင့်ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ တက်တူးကို လက် ၊ ရင်ဘတ် ၊ နောက်ကျောနဲ့ ခြေထောက်တွေမှာ ရေးထိုးမှုများပြီး မကြာသေးမီအချိန်က နာမည်ကြီးအနုပညာရှင်တွေနဲ့ လူငယ်လူရွယ်တွေကြားမှာ ပေါ်ပြူလာဖြစ်လာတဲ့ တက်တူးရေးထိုးမှုတစ်ခုကတော့ မျက်နှာအရေပြားပေါ်မှာ တက်တူးရေးထိုးခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ မျက်နှာပေါ်မှာ တက်တူးရေးထိုးမယ်ဆိုရင် သေချာပေါက် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မျက်နှာ ပေါ်မှာ တက်တူး မထိုးမမီ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) မျက်နှာ ပေါ် တက်တူး ရေးထိုးခြင်းက ဘာကြောင့် ရေပန်းစားလာတာလဲ


Photo : Rolling Stone

ပြောရရင် တက်တူးနဲ့ ပတ်သတ်ပြီး လူတွေရဲ့ လက်ခံနိုင်မှု အမြင်တွေဟာ များစွာပြောင်းလဲ လာခဲ့ပါတယ်။ တစ်ချိန်က တက်တူးရှိရင် ကုမ္ပဏီတွေမှာ အလုပ်လုပ်ခွင့်မရှိတဲ့ အခြေအနေတွေဖြစ်ခဲ့ကြပေမယ့် ဒီဘက်ခေတ်မှာ ဒီလိုကန့်သတ်ချက်တွေ တော်တော်လေး လျော့လာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ထို့အတူ မျက်နှာပေါ်က တက်တူးတွေဟာဆိုရင် တစ်ချိန်က အကျဉ်းသားတွေနဲ့ ဂန်းစတားအဖွဲ့တွေမှာသာ ထိုးလေ့ရှိကြပေမယ့် လက်ရှိအချိန်မှာတော့ Post Malone ၊ Aaron Carter တို့လို နာမည်ကြီး ဆယ်လီအများအပြားမှာ ခေတ်ပေါ် ဖက်ရှင်တစ်ခုအနေနဲ့ ရေးထိုးလာကြတာဖြစ်တဲ့အတွက် ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ လွှမ်းမိုးမှုနဲ့အတူ မျက်နှာတက်တူးတွေဟာ ပုံမှန်အနုပညာတစ်ခုအဖြစ်  လူတွေရဲ့အမြင်တွေကို ပြောင်းလဲလာစေခဲ့သလို လူငယ်တွေကြားမှာလည်း တစ်ထက်တစ်စ ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။

(၂) မျက်နှာ တက်တူးတွေက နာကျင်မှု ပိုများစေသလား


Photo : The Straits Times

တက်တူးရေးထိုးတဲ့အခါ ကိုယ်ရေးထိုးမယ့် ခန္ဓာကိုယ်အရေအပြား အစိတ်အပိုင်း ၊ တက်တူးထိုးခံမယ့်သူရဲ့ ခံနိုင်ရည်နဲ့ တက်တူး Artist ရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး နာကျင်မှုက အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ တက်တူးပုံဟာ ထင်ထင်ရှားရှားနဲ့ ပိုကြီးပြီး ဆေးသားပိုနက်လေ နာကျင်မှုက ပိုများလေ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ မျက်နှာအရေပြားဟာ နုနယ်လွန်းတာကြောင့် တက်တူးရေးထိုးမယ်ဆိုရင် တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေထက်စာရင်တော့ နာကျင်မှု ပိုခံစားရစေ နိုင်ပါတယ်။

(၃) မျက်နှာပေါ် တက်တူးထိုးမယ်ဆိုရင် အသားအရေ အမျိုးအစားအလိုက် မတူညီတဲ့ ဂရုစိုက်မှုတွေလုပ်ဖို့ လိုပါသလား


Photo : Skin Clinics

အဖြေကတော့ Yes ပါ။ မျက်နှာအသားအရေဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီ နိုင်ပါဘူး။ တချို့က အရေပြားပါးပြီး တစ်ချို့ကတော့ အရေပြားထူတဲ့ အမျိုးအစားထဲမှာ ပါပါတယ်။ မျက်နှာအရေပြားဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထက်စာရင် ပိုပြီးထိခိုက်လွယ်တာကြောင့် ကိုယ့်ရဲ့ မျက်နှာအရေပြားပေါ်မူတည်ပြီး ဂရုစိုက်ရမယ့် အချက်တွေကို ကျွမ်းကျင်တဲ့တက်တူး Artist တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှ တက်တူးထိုးဖို့ အကြံပြုချင်ပါတယ်။

(၄) မျက်နှာပေါ်ရေးထိုးဖို့အတွက် အကောင်းဆုံး တက်တူးဒီဇိုင်းက ဘာဖြစ်မလဲ


Photo : Skin Clinics

လူတစ်ယောက်ချင်းစီတိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင်စတိုင်နဲ့ လိုက်ဖက်မှုရှိတဲ့ ပုံစံဆိုတာ ရှိတာကြောင့် ဘယ်တက်တူးဒီဇိုင်းရယ်ဆိုပြီး ပြောဖို့တော့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် အကောင်းဆုံးအကြံပြုရမယ်ဆိုရင်တော့ ရှုပ်ထွေးပြီး အနုစိတ်လှတဲ့ တက်တူးဒီဇိုင်းတွေထက် အရွယ်အစားသေးငယ်ပြီး ရိုးရှင်းတဲ့ တက်တူးဒီဇိုင်းတွေက မျက်နှာပေါ်မှာ ရှင်းရှင်းလင်းလင်းနဲ့ ဆွဲဆောင်မှု ရှိနေစေမှာ ဖြစ်ပါတယ်။ နဖူး ၊ မျက်ခုံးအပေါ်ဘက်နဲ့ မျက်လုံးအောက် ပါးပြင်နေရာတွေကတော့ မျက်နှာတက်တူးရေးဖို့ အကောင်းဆုံး နေရာတွေပဲ ဖြစ်ပါတယ်။

(၅) မျက်နှာပေါ် တက်တူးမထိုးခင် သေချာပြန်သုံးသပ်ပါ


Photo : iStock

မျက်နှာပေါ် တက်တူးရေးထိုးတယ်ဆိုတာ ပုံမှန်ထက်တော့ စွန့်စားမှုပိုများတယ်လို့ ပြောနိုင်ပါတယ်။ မျက်နှာတက်တူးတွေက တခြား ခန္ဓာကိုယ်ပေါ်က တက်တူးတွေလို အလွယ်တကူ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။ နောက်ပြီး မျက်နှာတက်တူးတွေက လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုလည်း အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ ကွီးတို့က ခဏတာ ရူးသွပ်ခြင်းမျိုးမဟုတ်ပဲ မျက်နှာပေါ်က အနုပညာတက်တူးတွေကို တကယ်နှစ်နှစ်ကာကာ ရေးထိုးချင်စိတ်ရှိတယ် ၊ လူတွေရဲ့ ထင်မြင်ချက်နဲ့ ဝေဖန်မှုတွေကို ဂရုစိုက်တက်သူတစ်ယောက် မဟုတ်ဘူးဆိုရင်တော့ မျက်နှာပေါ်မှာ တက်တူးရေးထိုးဖို့ စဉ်းစားသင့်ပါတယ်။

Featured Photo : Dazed