ကျွန်တော်တို့ရဲ့ မျက်လုံးကို စိုစွတ်မှုရှိစေဖို့ မျက်လုံးမှာ မျက်ရည်ဂလင်းတွေ လုံလောက်အောင်မထုတ်နိုင်တဲ့အခါ မျက်လုံးခြောက် ခြင်းကိုဖြစ်ပေါ် လာစေပါတယ်။ ဒီလိုအခြေအနေကို Dry Eye Syndrome (မျက်လုံးခြောက်သွေ့မှုရောဂါ) သို့မဟုတ် Keratoconjunctivitis လို့လည်းခေါ်ပါတယ်။ မျက်လုံးခြောက် ခြင်းဖြစ်ပေါ်လာပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ မျက်လုံးတွေမှာ နီမြန်းယားယံခြင်း ၊ ခြောက်သွေ့ခြင်းနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ မျက်လုံးခြောက်ခြင်းအတွက် အခုပြောပြမယ့် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးတွေက ရောဂါလက္ခဏာတွေကို သက်သာရာရစေပြီး ကြည်လင်ဝင်းပတဲ့ မျက်ဝန်း တစ်စုံကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ မျက်လုံးခြောက်ခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေအကြောင်း မပြောခင် မျက်လုံးခြောက် ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းအချို့ကို ပြောပြပေးပါမယ်။ တကယ်တော့ မျက်လုံးခြောက် ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဒီထဲကမှ အဖြစ်အများဆုံး အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ခြောက်သွေ့တဲ့ လေထုနဲ့ တိုက်ရိုက်ထိတွေ့ခြင်း
  • မျက်ရည်ထွက်စေတဲ့ ဂလန်းများ ကောင်းစွာအလုပ်မလုပ်ခြင်း
  • ဓာတ်မတည့်ခြင်း
  • ယခင်မျက်လုံးခွဲစိတ်မှု ပြုလုပ်ထားဖူးခြင်း
  • အကိုက်အခဲပျောက်ဆေး ၊ သန္ဓေတားဆေး ၊ သွေးတိုးကျဆေး ၊ စိတ်ကျရောဂါအတွက် ဆေးဝါးများ မှီဝဲခြင်း
  • အသက်အရွယ် ကြီးရင့်လာခြင်း
  • အချိန်အကြာကြာ မျက်တောင်မခတ်ပဲ နေခြင်း
  • မျက်ကပ်မှန် ရေရှည်အသုံးပြုခြင်း
  • ကွန်ပြူတာ ၊ ဖုန်း အသုံးပြုချိန်များခြင်း
  • ဗီတာမင် A နဲ့ ဗီတာမင် D ချို့တဲ့ခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • အဆစ်အမြစ်ရောင်ရောဂါ ၊ သိုင်းရွိုက်ပြဿနာ ၊ ကိုယ်ခံအားစနစ် ချို့ယွင်းမှု ပြဿနာကဲ့သို့ ကျန်းမာရေး အခြေအနေတွေ ခံစားနေရခြင်း

စတဲ့ အချက်တွေကြောင့် မျက်လုံးခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

မျက်လုံးခြောက် ခြင်းကို ခံစားရပြီဆိုတာနဲ့ အခုပြောပြမယ့် လက္ခဏာတွေ ကြုံတွေ့ခံစား ရနိုင်ပါတယ်။

  • မျက်လုံးထဲမှာ စူးစူးရှရှနဲ့ စပ်ဖျဉ်းဖျဉ်း ခံစားမှုမျိုး ခံစားနေရမယ်
  • မျက်လုံးနဲ့ မျက်လုံးတဝိုက်မှာ ညောင်းကိုက်ပြီး နာကျင်နေမယ်
  • မျက်လုံးတွေ ယားယံပြီး နီရဲနေမယ်
  • ပုံမှန်မဟုတ်တဲ့ မျက်ရည်ပူတွေ ခဏခဏ ထွက်နေမယ်
  • အမြင်အာရုံ မှုန်ဝါးဝါးနဲ့ ဝေဝါးနေမယ်
  • မျက်လုံးတွေ ခြောက်သွေ့ပြီး ဖုန်ဝင်နေသလို ခံစားနေရမယ်

ဒါတွေကတော့ မျက်လုံးခြောက် ခြင်းကိုခံစားနေရပြီဆိုတာ သိနိုင်မယ့် လက္ခဏာတွေပဲ ဖြစ်ပါတယ်။ မျက်လုံးခြောက်ဟာ တကယ့်ကိုပဲစိတ်ရှုပ်စရာကောင်းပြီး သင့်ရဲ့နေ့စဉ်ဘဝနဲ့ အလုပ်အပေါ် အများကြီး အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းတာဟာ အကောင်းဆုံးပါပဲ။  ကဲဒါဆို မျက်လုံးခြောက် ခြင်းကို ကာကွယ်ကုသနိုင်မယ့် ကုထုံး အချို့ကို ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်ပါ။

(၁) အုန်းဆီ

Photo : Eat This, Not That

အုန်းဆီမှာ အရေပြားအတွက် အကျိုးပြုတဲ့ Capric Acid နဲ့ Lauric Acid ကဲ့သို့ Fatty Acids တွေ များစွာပါဝင်ပါတယ်။ ၎င်းတို့က အစိုဓာတ်ထိန်းပေးပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ကာ ခြောက်သွေ့ယားယံတဲ့ မျက်လုံးတွေကို ချက်ချင်းဆိုသလို အစိုဓာတ်ပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ သဘာဝအုန်းဆီစစ်စစ် ၂ စက် ၃ စက်လောက် မျက်လုံးထဲကို ခတ်ပြီး ၄/၅ ကြိမ်လောက် မျက်တောင်ခတ်ပေးပါ။ နေ့တိုင်း မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် အုန်းဆီနဲ့မျက်စင်းခတ်ပေးနိုင်ပါတယ်။

(၂) ဗီတာမင်နဲ့ အာဟာရဓာတ်များ

Photo : Eat This, Not That

ဗီတာမင်ဓာတ်ချို့တဲ့ခြင်းကြောင့်လည်း မျက်လုံးခြောက် ခြင်းကို ဖြစ်နိုင်ပါတယ်။ လေ့လာမှုများအရ ဗီတာမင် D ၊ B12 နဲ့ A ချို့တဲ့မှုဟာ မျက်လုံးခြောက်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးခြင်းဖြင့် မျက်လုံးခြောက်တဲ့ ပြဿနာကို ကုသနိုင်ပါတယ်။ ဥပမာ ကြက်ဥအနှစ် ၊ စီရီရယ် ၊ လိမ္မော်သီးဖျော်ရည် ၊ မုန်လာဥနီ ၊ ဟင်းနုနွယ်ရွက် ၊ ဘရိုကိုလီ ၊ ထောပတ်သီး စတဲ့ အစားအစာတွေဟာ ဗီတာမင် D နဲ့ ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာအရင်းအမြစ်တွေ ဖြစ်ပါတယ်။ ဆာဒင်းငါး ၊ ဆယ်လ်လမွန် ၊ မက်ကရယ် ၊ ဟင်းနုနွယ်ရွက် ၊ ပဲပိစပ်နဲ့ ချီးယားစေ့ တို့လို အိုမီဂါ-၃ ဖက်တီအက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။ ဒါ့အပြင် ဆရာဝန်ညွှန်ကြားချက်အတိုင်း အာဟာရဓာတ်ကြွယ်ဝတဲ့ ဖြည့်စွက်စာတွေကိုလည်း မှီဝဲနိုင်ပါတယ်။

(၃) သခွားသီး

Photo : Eat This, Not That

သခွားသီးကို မျက်လုံးခြောက် ခြင်းအတွက် ကုသရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ သခွားသီးမှာ ရေဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် မျက်လုံးကို စိုပြေဝင်းပစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A ဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်လုံးခြောက်ခြင်းကိုကုသဖို့ အကောင်းဆုံး ဆေးတစ်လက်ဖြစ်ပါတယ်။ အသုံးပြုနည်းကတော့ သခွားသီးကို ခပ်ပါးပါး အကွင်းလေးတွေ လှီးဖြတ်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံကာ မျက်လုံးကို ကပ်ပေးနိုင်ပါတယ်။ ဒီနည်းအတိုင်းတစ်ရက်ကို ၃ ကြိမ်ကနေ ၄ ကြိမ်ခန့်အထိ ပြုလုပ်ပေးမယ်ဆိုရင် မျက်လုံးခြောက်ခြင်းနဲ့ မျက်လုံးညောင်းကိုက်တာတွေ သက်သာပြီးအမြင်အာရုံပိုမို ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

Featured Photo : Medical Optometry America