ကမ္ဘာတစ်ဝှမ်းမှာ ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုဗစ်ရောဂါသည်လည်း အရှင်းပျောက်ကင်းနေတာ မဟုတ်ပါဘူး။ ကိုဗစ်ရောဂါအပြင် နောက်ထပ် စိုးရိမ်စရာတစ်ခုကတော့ လတ်တလောမှာ အဖြစ်များနေတဲ့ မျောက်ကျောက် ရောဂါ ပဲဖြစ်ပါတယ်။

မျောက်ကျောက် ရောဂါ ဆိုတာ ဘာလဲ

မျောက်ကျောက် ရောဂါ

Photo: Damrea

မျောက်ကျောက် ရောဂါ ဆိုတာကတော့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပေါ်တဲ့ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။

  • ဘယ်လိုအခြေအနေမျိုးမှာ မျောက်ကျောက်ရောဂါ ခံစားရနိုင်သလဲဆိုတော့ …
  • ရောဂါပိုး ကူးစက်ခံနေရသူရဲ့ အနာကို မတော်တဆ ထိတွေ့ကိုင်တွယ်မိတဲ့အခါ
  • ရောဂါပိုး ကူးစက်ခံနေရသူ အသုံးပြုထားတဲ့ အိပ်ရာခင်းများ၊ အဝတ်အစားများ၊ အခြားသော ဆေးဝါးပစ္စည်းကိရိယာများကို ထိတွေ့ကိုင်တွယ်မိတဲ့အခါ
  • မျောက်ကျောက်ရောဂါ ခံစားနေရသူက နှာချေ၊ ချောင်းဆိုးရာမှာ လွှင့်ထွက်လာတဲ့ ဘက်တီးရီးယားပိုးမွှားများကို ရှူရှိုက်မိတဲ့အခါ
  • ကူးစက်ခံထားရတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ ကိုက်ခြင်း၊ ကုတ်ခြင်းကို ခံရတဲ့အခါ
  • ထိုကူးစက်ခံထားရတဲ့ အကောင်တစ်ကောင်ကောင်က ထိတွေ့ထားတဲ့ ပစ္စည်းကိရိယာများကို ထိတွေ့မိခြင်း၊ ထိုတိရစ္ဆာန်ကို ထိတွေ့ကိုက်တွယ်မိခြင်း

အစရှိတဲ့ အချက်များကြောင်း မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

ကူးစက်ခံရပြီဆိုရင် ဘယ်လိုရောဂါလက္ခဏာမျိုး ပြသလေ့ရှိပါသလဲ

မျောက်ကျောက် ရောဂါ

Photo: Countynewscenter

ရောဂါလက္ခဏာ ပြပုံကို အဓိကအားဖြင့် အဆင့်နှစ်ဆင့် ပိုင်းခြားထားပါတယ်။

ပထမအဆင့်မှာတော့ အဖျားတက်မယ်၊ ခေါင်းကိုက်မယ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲမယ်၊ အဆစ်များ၊ လည်ပင်းနှင့် လက်မောင်းများ ရောင်ရမ်းခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ဒုတိယအဆင့်မှာတော့ အဖျားတက်ပြီး ၁ ရက်မှ ၃ ရက်အတွင်း အနီစက်များ၊ အကွက်များ ခံစားရမှာပဲ ဖြစ်ပါတယ်။ အနီကွက်များသည် ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်။ မျိုးပွားအင်္ဂါတစ်ဝိုက်မှာတောင် အနီကွက်များ ဖြစ်ပေါ်နိုင်ပါတယ်။

ထိုမျောက်ကျောက်ရောဂါသည် ၁ လအထိ ကြာမြင့်နိုင်ပြီး ၁ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေလည်း ရှိပါတယ်။ ထိုကူးစက်ခံရသူသည် အရေပြား အသစ်လဲပြီးနောက်မှသာ အခြားသူသို့ မကူးစက်နိုင်တော့မှာ ဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်ရမလဲ

မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်ရမလဲ။

အဓိကကတော့ တစ်ကိုယ်ရည် သန့်ရှင်းရေးရှိဖို့ပါပဲ။ လက်များကို မကြာခဏ ဆေးကြောပါ။ အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းခန့် ပါဝင်တဲ့ ဆပ်ပြာဖြင့် ဆေးကြောရပါမယ်။ ထမင်းစားပန်းကန်ကအစ အခြားသော အသုံးအဆောင်ပစ္စည်းများကိုလည်း အခြားသူများနှင့် မျှဝေ သုံးစွဲခြင်း မပြုလုပ်ရပါဘူး။ ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ ထိတွေ့ခြင်းတို့ကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

ခရီးသွားတဲ့အခါမှာလည်း ထိုဒေသရှိ တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် လက်ဖြင့် မျက်စိပွတ်ခြင်း၊ နှာခေါင်းနှိုက်ခြင်း၊ ပါးစပ်ကို ထိတွေ့ကိုင်တွယ်ခြင်း အစရှိသည်တို့ကို ရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် နေမကောင်းဖြစ်နေတယ်လို့ ခံစားရပါကလည်း ခရီးမသွားဘဲ အိမ်မှာပဲ နားနားနေနေ အနားယူသင့်ပါတယ်။ ဒါမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာလည်း ရောက်မှာဖြစ်သလို အခြားသော သူများအတွက်လည်း ဘေးကင်းရာရောက်မှာဖြစ်ပါတယ်။

Source: Nc.cdc.gov

Featured Image: Thehealthy