ကိုယ်တိုင်ကိုယ်ကျ ကော့တေးဖျော်ရတာကို နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ မွှေးရနံ့ သင်းပျံ့ပြီး အရသာထိမိသွားစေမယ့် ကော့တေး တစ်ခွက် ကျိုချက်နည်းကို ဝေမျှပေးချင်ပါတယ်။
မွှေးရနံ့ လေးက သင်းပျံ့ပြီး စူးရှချိုမြတဲ့ ကော့တေး တစ်ခွက် ဖော်စပ်ဖို့ရန်အတွက် ဘယ်လိုပါဝင်ပစ္စည်းတွေ အသုံးပြုပြီး ဘယ်လိုကျိုချက်ပြုလုပ်ရမလဲဆိုတော့ …
ပါဝင်ပစ္စည်းများ
ရနံ့မွှေးစေဖို့ရန်အတွက် လိုအပ်တဲ့အရာများ

- ရေ ၁ ဖန်ခွက်စာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)
- သကြား ၁ ခွက်ခွဲ (စားပွဲတင်ဇွန်း ၂၄ ဇွန်း)
- သစ်ကြမ်းပိုးခေါက် ၁ ချောင်း
- လတ်ဆတ်သော Thyme အရွက် ၂ ခက်ခန့်
လိုအပ်သော အယ်လ်ကိုဟောဖျော်ရည်များနှင့် အခြားသော ပါဝင်ပစ္စည်းများ

- Thyme အရွက် ၅ ခက်ခန့်
- Green Chartreuse Liqueur လို့ခေါ်တဲ့ ဆေးဖက်ဝင်အယ်လ်ကိုဟောတစ်မျိုး စားပွဲတင်ဇွန်း တစ်ဝက်
- ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း
- သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်ဥအကာ ၁ လုံး
- အလှဆင်ရန် သံပုယိုခွံ အနည်းငယ်
- သံပုယိုခွံကို ခြစ်ထားသော အမှုန်များ လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အရင်ဦးဆုံး ရနံ့မွှေးစေမယ့် ဖျော်ရည်လေး ပြုလုပ်ရမှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်း (၄) မျိုးကို အဆင်သင့်ပြင်ထားပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ရေထည့်ပါ။ ရေက ပွက်ပွက်ဆူလာပါက သကြားထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၃။ မီးအပူချိန်ကို လျော့ပြီး မီးအေးအေးဖြင့် တည်ပါ။ မကြာခဏ မွှေပေးပါ။ ထို့နောက် သစ်ကြမ်းပိုးခေါက်နှင့် Thyme အခက်များထည့်ကာ မီးအေးအေးဖြင့် မိနစ် ၂၀ မှ ၃၀ ခန့် အထိ ကျိုပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ဖျော်ရည်ကို ရေစစ်ဖြင့် စစ်ယူကာ အအေးခံပြီးနောက် ဖန်ပုလင်းထဲ ပြောင်းထည့်လိုက်ပါ။ ရရှိလာတဲ့ ရနံ့မွှေးမွှေးဖျော်ရည်လေးကို ခဏထားထားပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ မွှေးရနံ့ သင်းပျံ့တဲ့ ကော့တေး တစ်ခွက်ရရှိအောင် ဆက်လက်ဖန်တီးရပါမယ်။ ဖန်ခွက်ထဲသို့ Green Chartreuse Liqueur ထည့်ပါ။ Thyme အခက် ၂ ခက်ခန့်ထည့်ကာ မွှေပေးလိုက်ပါ။ ထို့နောက် ခဏဖယ်ထားပါ။

၆။ တစ်ဖန် Cocktail Shaker ထဲတွင် ကျန်ရှိနေသော Thyme ၂ ခက်၊ ဝီစကီ၊ သံပုယိုရည်၊ စောစောက ကျိုထားသော ရနံ့မွှေးဖျော်ရည်၊ ကြက်ဥအကာတို့ထည့်ပါ။
၇။ ထို့နောက် အဖုံးကို လုံအောင်ပိတ်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

၈။ ထို့နောက် Cocktail Shaker ထဲသို့ ရေခဲတုံးထည့်ကာ နောက်တစ်ကြိမ် ထပ်လှုပ်ခါပေးလိုက်ပါ။

၉။ စောစောက Thyme ထည့်ထားတဲ့ ဖန်ခွက်ကို ပြန်သုံးရပါတော့မယ်။ ဒီတစ်ခါမှာတော့ Thyme အရွက်ကို မီးဖြင့် အပူပေးလိုက်ပါ။

၁၀။ ထို့နောက် ချက်ချင်းဆိုသလို Cocktail Shaker ထဲက ဖျော်ရည်များကို သေချာစစ်ထည့်ကာ ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။

၁၁။ ထို့နောက် ရေခဲတုံး အနည်းငယ် ထည့်ပါ။

အလှဆင်ဖို့ရန်အတွက် သံပုယိုသီးစိပ်၊ သံပုယိုအခွံအမှုန့်လေးများနှင့် ကျန်ရှိနေသော Thyme ၁ ခက် ထည့်လိုက်ပါ။ ဒါဆိုရင်တော့ မွှေးရနံ့ သင်းပျံ့ပြီး စွဲမက်ဖွယ်ကောင်းတဲ့ ကော့တေး တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။
Source: Thespruceeats
Featured Image: Thespruceeats
