မျိုးပွားမှုနဲ့ သားဆက်ခြား ကျန်းမာရေးဟာ အရွယ်ရောက်ပြီး သူတိုင်း သိကိုသိထားရမယ့် အခြေခံ ကျန်းမာရေး အသိတစ်ခု ဖြစ်ပါတယ်။ လိင်မှုဆိုင်ရာ ကျန်းမာရေး ဗဟုသုတရှိထားတာဟာ ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သလို မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်ဆွဲ အန္တရာယ်တွေနဲ့ မရည်ရွယ်ပဲ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ် ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း စာရေးသူတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လိင်မှုကျန်းမာရေး အသိဟာ အလွန်နည်းပါးပြီး လွဲမှားနေတဲ့ သားဆက်ခြားခြင်း အယူအဆတွေ များစွာ ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ လူတော်တော်များများ ယုံမှတ်မှားနေတဲ့ သားဆက်ခြားခြင်းဆိုင်ရာ ဒဏ္ဍာရီတွေကို မျှဝေပေးချင်ပါတယ်။
ဒဏ္ဍာရီ (၁) သန္ဓေတားဆေးတွေက ကင်ဆာဖြစ်စေနိုင်တယ်
Photo : Family Planning NSW
နေ့စဉ်ပုံမှန် သောက်သုံးရတဲ့ သန္ဓေတားဆေးတွေက ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ရှိတယ်လို့ အများစု ယူဆကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သန္ဓေတားဆေးတွေက သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကိုပင် လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာနဲ့ သန္ဓေတားဆေးတွေကြားမှာ ဆက်စပ်မှု အချို့ရှိနေတာကြောင့် အချို့ ကင်ဆာရောဂါအခံ ရှိသူတွေ ၊ မျိုးရိုးရှိသူတွေ အနေနဲ့တော့ ဆေးမသောက်မီမှာ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။
ဒဏ္ဍာရီ (၂) ကွန်ဒုံးတွေက ရာနှုန်းပြည့် ကိုယ်ဝန်မရအောင် ကာကွယ်ပေးနိုင်တယ်
Photo : County Durham and Darlington NHS Foundation Trust
ကွန်ဒုံးတွေဟာ စိတ်ချရတဲ့ သားဆက်ခြား နည်းလမ်းတစ်ခု ဆိုပေမယ့် ၁၀၀ ရာခိုင်နှုန်းအပြည့်တော့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီး ကာကွယ်မပေးနိုင်ပါဘူး။ အချက်အလက်တွေအရ ၈၀ ရာခိုင်နှုန်းခန့် ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ပြီး ဆိုလိုတာကတော့ ကွန်ဒုံးအသုံးပြုသူ ၁၀ ဦးမှာ ၂ ဦးခန့် မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ကွန်ဒုံးတွေဟာ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ရောဂါတွေ (STDs) ကိုတော့ အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။
ဒဏ္ဍာရီ (၃) သန္ဓေတားဆေးသောက်ရင် ကိုယ်ဝန်မရနိုင်တော့ဘူး
Photo : Verywell Health
သန္ဓေတားဆေးတွေဟာ သောက်သုံးနေစဉ်ကာလအတွင်းမှာတော့ ကိုယ်ဝန်ရနိုင်ခြေကို တာဆီးပေးမှာပါ။ ပုံမှန်ဆေးသောက်နေတာကို ရပ်တန့်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် သန္ဓေတားဆေးသောက်နေတဲ့ သူတွေအနေနဲ့ နောက်ပိုင်းမှာ ကလေးရဖို့ မလွယ်ဘူး ၊ ကလေးမရနိုင်တော့ဘူး ဆိုတာဟာ လွဲမှားနေတဲ့ အယူအဆတစ်ခုသာ ဖြစ်ပါတယ်။
ဒဏ္ဍာရီ (၄) သန္ဓေတားဆေးတွေက ဝစေတယ်
Photo : Norwest Obstetrics & Gynaecology
သန္ဓေတားဆေးတွေသောက်ရင် ဝလာတယ်ဆိုတာဟာ တကယ်တော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲ ၊ နေထိုင်မှုပုံစံ အပြောင်းအလဲတွေ အပါအဝင် အခြားသော အကြောင်းအရင်း အမျိုးမျိုးကြောင့် ကိုယ်အလေးချိန်တိုးနိုင်ပေမယ့် တားဆေးသောက်လို့ ဝလာတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး။ တကယ်တော့ ဒီဆေးတွေဟာ ရာသီသွေးဆင်းတာနဲ့ ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာတွေကိုပင် လျော့ကျသက်သာစေပြီး အသားအရေနဲ့ ဆံပင်ကျန်းမာရေးကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Newington Pharmacy