မန်ချက်စတာစီးတီး နောက်ခံ ကစားသမား ဇင်ချန်ကိုက ရုရှားသမ္မတက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက် ပူတင်အနေနဲ့ အနာကျင်ရဆုံး သေခြင်းတရားကို ခံစားရဖို့ မျှော်လင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
Photo: Sportbible
ယူကရိန်းလက်ရွေးစင်ကြယ်ပွင့် ဇင်ချန်ကိုက ၎င်းရဲ့ အင်စတာဂရမ် စတိုရီမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ပုံနဲ့အတူ “ခင်ဗျား အနာကျင်ရဆုံး သေခြင်းနဲ့ သေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တိရစ္ဆာန်ကောင်”ဆိုတဲ့ စာသားကို ရေးသားခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီစတိုရီဟာ ချက်ချင်း ဖြုတ်ချခြင်းခံခဲ့ရပြီး ဇင်ချန်ကိုက အင်စတာဂရမ်က စတိုရီကို ဖျက်ချသွားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဇင်ချန်ကိုရဲ့ မှတ်ချက်ဟာ ရုရှားနိုင်ငံက ကြာသပတေးနေ့မှာ တပ်သားတွေ၊ တိုက်ခိုက်ရေးတင့်ကားတွေနဲ့ နယ်စပ်ကို ကျော်ဖြတ်ပြီး စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ထွက်လာတာဖြစ်ပါတယ်။ BBC ရဲ့ ဖော်ပြချက်အရ ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အပြစ်မဲ့ပြည်သူ ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး နောက်ထပ် ၁၉ ဦးလောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Photo: Instagram
ရုရှားက သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ လူဟန့်စ်ကာနဲ့ ဒိုးနတ်ဒေသတွေကို လွတ်မြောက်ပြည်နယ်တွေအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း အဲဒီဒေသတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်အစောပိုင်းတုန်းက လူဟန့်စ်ကာနဲ့ ဒိုးနတ်တို့အပါအဝင် ဇင်ချန်ကို တင်ခဲ့တဲ့ ယူကရိန်းနိုင်ငံပုံတစ်ခုမှာ “ယဉ်ကျေးတဲ့ကမ္ဘာကြီးတစ်ခုလုံးက ကျွန်တော့်နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။ ကျွန်တော် လက်ရှောင်မနေနိုင်ဘဲ လူတွေ နားလည်အောင် ပြောပြချင်ပါတယ်။ ပုံထဲက ကျွန်တော့်နိုင်ငံပါ။ ကျွန်တော် မွေးဖွားပြီး လူလားမြောက်ခဲ့တဲ့ နိုင်ငံပါ”
“နိုင်ငံတကာ အားကစားနယ်ပယ်မှာ ကျွန်တော် ကိုယ်စားပြုဝတ်ဆင်တဲ့ အရောင်နဲ့ တိုင်းပြည်ပါ။ နယ်နိမိတ်တွေကို ဖောက်ဖျက်လို့ မရတဲ့ နိုင်ငံတစ်ခုပါ။ ကျွန်တော့်နိုင်ငံက ယူကရိန်းနိုင်ငံသားတွေနဲ့ပဲ သက်ဆိုင်ပြီး ဘယ်သူကမှ အဲဒါကို လုယူသိမ်းပိုက်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ပါဘူး။ ယူကရိန်းနိုင်ငံ ဘုန်းကျက်သရေ ထွန်းလင်းပါစေ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
Featured Photo: Sportbible