မူရီဆီယို ပိုချက်တီနို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ ရာထူးကို လွဲချော်တော့မယ့်ပုံပေါ်နေပြီး အဲဒီလို လွဲချော်ဖို့အတွက် အကြောင်းအရင်း ၂ ခု ရှိနေတယ်လို့ သိရပါတယ်။

Mauricio Pochettino looks on ahead of the French L1 football match between Paris Saint-Germain and Stade Brestois 29

Photo: L’Equipe

ပိုချက်တီနို ဟာ စပါးစ်ကို နည်းပြနေတဲ့ ကာလအတွင်းမှာရော အသင်းလက်မဲ့ ဖြစ်နေချိန်မှာပါ ယူနိုက်တက် နည်းပြ ဖြစ်လာဖို့အတွက် သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပြီး ဆိုးလ်ရှား တာဝန်ယူကိုင်တွယ်နေချိန်မှာတောင်မှ နည်းပြသစ်ဖြစ်လာဖို့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။ ဆိုးလ်ရှားကို မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့အချိန်မှာ ပီအက်စ်ဂျီနည်းပြက အသင်းရဲ့ အမြဲတမ်းနည်းပြသစ်ဖြစ်လာမယ့်သူအဖြစ် လျင်လျင်မြန်မြန်ပဲ ရေပန်းစားလာခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လတွေမှာ အဲဒါတွေက ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။

မကြာသေးမီက အိုင်းယက်စ်နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ ဖြစ်နိုင်ခြေအများဆုံး နည်းပြဖြစ်လာခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ဒတ်ချ်လူမျိုးနည်းပြဟာ အိုးထရက်ဖို့ဒ်မှာ နည်းပြ သစ်အဖြစ် တာဝန်ယူကိုင်တွယ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

Pochettino and Erik Ten Hag

Photo: Mirror

The i သတင်းဌာနရဲ့ ဖော်ပြချက်အရ ပိုချက်တီနို ဟာ အကြောင်းအရင်း ၂ ခုကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြရာထူးနဲ့ လွဲချော်မှာဖြစ်တယ်လို့ သိရပြီး ယူနိုက်တက်ဟာ ပြင်သစ်မှာ ရုန်းကန်နေရမှုနဲပပတ်သက်ပြီး စိုးရိမ်နေသလို အာဂျင်တီးနားလူမျိုးနည်းပြအတွက် ကုန်ကျမယ့် ငွေကြေးကိုလည်း ထည့်တွက်နေတယ်လို့ သိရပါတယ်။

ပိုချက်တီနိုဟာ ယခုရာသီ လီဂူးဝမ်းဖလားကို ကျိန်းသေပေါက် ကိုင်မြှောက်နိုင်တော့မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ ၈ ပွဲသာ ကစားဖို့ကျန်တော့တဲ့အချိန်မှာ ဒုတိယနေရာက မာဆေးလ်နဲ့ ၁၂ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုချက်တီနိုဟာ အဓိကရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ပြီးခဲ့တဲ့ရာသီမှာလည်း လိုင်လီထက် ၁ မှတ်လျော့ပြီး လီဂူးဝမ်းဖလားကို ရယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာ ပီအက်စ်ဂျီအသင်း ရှုံးနိမ့်ခဲ့တဲ့ ၈ ပွဲမှာ ၄ ပွဲအထိ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုဟာ နည်းပြဟောင်း တူဟယ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဥရောပအဆင့်မှာ တော်တော်လေး အခြေအနေ ဆိုးရွားနေတာဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြက လီဂူးဝမ်းထိပ်သီးအသင်းကြီးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ချိန်မှာ ပိုချက်တီနို က အမြင့်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဆီမီးဖိုင်နယ်အဆင့်အထိသာ ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

PSG Coach Pochettino

Photo: Manchestereveningnews

ပြင်သစ်မှာ ရုန်းကန်နေရမှုကြောင့် ပိုချက်တီနိုကို ပီအက်စ်ဂျီအသင်းက ရာထူးကနေ ထုတ်ပယ်ဖို့ အလားအလာ ရှိနေပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဖြစ်မလာသေးခင် မန်ချက်စတာယူနိုက်တက်အသင်းက ပိုချက်တီနိုကို ခေါ်ယူချင်တယ်ဆိုရင်တော့ ပီအက်စ်ဂျီကို လျော်ကြေး ပေးချေရမှာဖြစ်ပြီး ပေါင် ၂၅ သန်းအထိ ကုန်ကျနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်နိုင်အောင် ရာသီမကုန်ခင်မှာ နည်းပြသစ် ခန့်အပ်မှု ပြုလုပ်ဖို့ မျှော်မှန်းထားတယ်ဆိုတာ ရှင်းလင်းနေတာကြောင့် ပိုချက်တီနိုကို ခေါ်ယူဖို့ အကြံအစည်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်ဟက်ဂ်အတွက် အိုင်းယက်စ်ကို လျော်ကြေးပေးဖို့ သဘောတူညီခြင်းမရှိသေးပေမယ့်လည်း ပိုချက်တီနိုထက်စာရင် ပေးချေရမယ့် ပမာဏက ပိုပြီး နည်းပါးမှာဖြစ်သလို မြန်မြန်လည်း ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

Erik Ten Hag

Photo: Sportingnews

တန်ဟက်ဂ်ဟာ အိုးထရက်ဖို့ဒ်မှာ ဘယ်အရာတွေကို ပြောင်းလဲပစ်ဖို့ လိုအပ်သလဲဆိုတာကိုတောင် အတည်ပြုထားခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ၎င်းရဲ့ ပထမဆုံး နွေရာသီ အပြောင်းအရွှေ့ပစ်မှတ်ကိုတောင် ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အိုင်းယက်စ်နည်းပြက ပရီးမီးယားလိဂ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအကြောင်း ကောင်းကောင်းသိတဲ့ တစ်စုံတယောက်ကို ၎င်းရဲ့ လက်ထောက်နည်းပြအဖြစ် ခေါ်ယူချင်တယ်လို့ သိရပြီး အဲဒီလူကတော့ မန်ချက်စတာယူနိုက်တက်အသင်း ဖလား ၃ လုံးတပြိုင်နက်ရခဲ့တဲ့ ၁၉၉၈-၁၉၉၉ ရာသီမှာ ဖာဂူဆန်ရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စတိဗ် မက္ကလာရင်ဖြစ်တယ်လို့ သိရပါတယ်။

Featured Photo: Sportbible