ယောက္ခမလောင်း တွေရှေ့မှာ အမြင်ကြည် အောင် နေထိုင်ခြင်းသည်လည်း ကွီးတို့အားလုံး တတ်ကျွမ်းထားသင့်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါမှလည်း သူတို့သမီးလည်းဖြစ်၊ ကိုယ့်ချစ်သူလည်းဖြစ်တဲ့ ကိုယ့်ကောင်မလေးနဲ့ ကြည်ကြည်ဖြူဖြူ သဘောတူနိုင်မှာမဟုတ်လား။ တချို့ဆိုရင် ကိုယ့်ကောင်မလေးနဲ့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ၊ ယောက္ခမလောင်း တွေရှေ့မှာ အနေအထိုင် အပြောအဆိုမတတ်တဲ့အခါ အမြင်ကြည် ဖို့ဝေးစွ အမြင်ကတ်ခံရမှာပဲဖြစ်ပါတယ်။
ဒါဆိုရင် ကိုယ့်ရဲ့ ယောက္ခမလောင်း တွေရှေ့မှာ အမြင်ကြည် အောင် ဘယ်လိုပြုမူနေထိုင်ရမလဲ။
သူတို့အကြောင်း သိအောင် လုပ်ပါ

Photo: Meaws
ကိုယ့်ယောက္ခမက ဘယ်လိုစိတ်နေစိတ်ထားရှိသလဲဆိုတာ အရင်ဆုံး သိအောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ကိုယ့်ယောက္ခမက လူကြီးဆန်ဆန် အထာကြီးနဲ့ နေတတ်သလား (သို့) လူငယ်တွေနဲ့ ရောရောနှောနှောနေတတ်သလားဆိုတာကို သိထားမှသာလျှင် ကိုယ်က ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိမှာဖြစ်ပါတယ်။ သူ့သမီးကိုလည်း လက်ထပ်ချင်သေးတယ်၊ ကိုယ့်ဘက်ကလည်း အောက်မကျို့ချင်ဘူး၊ သူ့ကို မလေးစားချင်ဘူးဆိုပြီး လုပ်နေလို့မရပါဘူး။ ကိုယ့်ယောက္ခမနဲ့ ကိုယ်သည် စိတ်နေစိတ်ထား မတူလို့ သဘောမကျဘူးဆိုရင်တောင်မှ လူငယ်က လူကြီးကို Respect ပေးသလို ပေးရမှာပဲ ဖြစ်ပါတယ်။
သူတို့ ရင်ဖွင့်လာတဲ့အခါ သေချာနားထောင်ပါ

Photo: Jw.org
ဒီအချက်ကတော့ သင့်ယောက္ခမတွေရဲ့ အသက်အရွယ်ပေါ် မူတည်ပါလိမ့်မယ်။ လူကြီးတွေသည် အသက်အရွယ်ရလာတဲ့အခါ ကလေးတွေလို တစ်ဖန်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ သူတို့မှာ စကားပြောဖော်မရှိတဲ့အခါ ပိုပြီး အထီးကျန်တတ်တာကြောင့် သင်က သူတို့အိမ် အလည်သွားတဲ့အခါ စကားတွေ အများကြီး ပြောချင်နေပါလိမ့်မယ်။ ထိုအချိန်မှာ သင့်အနေနဲ့ ဂရုတစိုက်နဲ့ သူတို့ ရင်ဖွင့်စကားပြောတာကို သေသေချာချာ နားထောင်ဖို့ လိုအပ်ပါလိမ့်မယ်။
သူတို့ထံမှ အကြံဥာဏ်တောင်းပါ

Photo: Out
သင့် ယောက္ခမလောင်းကို ဆရာတင်ပြီး အကြံဥာဏ်တောင်းကြည့်လိုက်ပါ။ သူတို့က ထိုအရာကို အင်မတန်သဘောကျကြပါတယ်။ သင့်ရဲ့အလုပ်နဲ့ပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းနဲ့ပဲဖြစ်ဖြစ် အကြံဥာဏ်တောင်းကြည့်လိုက်ပါ။ လူကြီးတွေက အတွေ့အကြုံပိုများတဲ့အတွက်ကြောင့် သင် မမြင်နိုင်တဲ့အရာကို သူတို့က မြင်သွားပြီး ပြောပြပေးနိုင်ပါတယ်။ ဒါဆိုရင် သင် ကြုံတွေ့နေရတဲ့ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။
စည်းတစ်ခု ခြားထားပါ

Photo: Greenvelope
ဒီအခြေအနေကတော့ သင့်ရဲ့ လက်တွဲဖော်နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ ကြုံတွေ့ရမယ့်အရာဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးလဲဆိုရင် ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ တစ်အိုးတစ်အိမ် ထူထောင်နေပြီးနောက် သူ့ဘက်က ဆွေမျိုးတွေက အကြောင်းမကြား ဘာမကြားနဲ့ ညအိပ်ညနေ ရောက်ရှိလာကြခြင်းမျိုးပဲဖြစ်ပါတယ်။ နေ့ဘက်အချိန်မှာ ခဏတဖြုတ် လာလည်တာက ကိစ္စမရှိပေမယ့် ညအိပ်တည်းခိုဖို့အတွက် အကြောင်းမကြား၊ ဖုန်းမဆက်ဘဲ ရောက်ရှိလာတဲ့အခါ ကြင်စဦးမောင်နှံအတွက်လည်း အနည်းငယ် စိတ်ကသိကအောင့်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင်သည်လည်း ယောက္ခမအိမ်မှာ ညအိပ်ညနေသွားမယ်ဆိုရင် ဖုန်းကြိုဆက်ပြီး အကြောင်းကြားထားမျိုး ပြုလုပ်ပြီး သင့်အိမ်မှာ လာတည်းကြမယ်ဆိုလည်း ဖုန်းဆက်ထားပြီး သွယ်ဝိုက်တဲ့နည်းနဲ့ ပြောထားသင့်ပါတယ်။ ဒါမှလည်း ကိုယ့်ဘက်က ဧည့်ခံပေးရတာ အဆင်ပြေမှာမဟုတ်လား။
သူတို့ ခက်ခဲတဲ့အချိန်မှာ အနားမှာ ရှိပေးပါ

Photo: iStock
သူတို့ ကောင်းစားချိန်မှာတော့ သူတို့ရဲ့ အကူအညီတွေကို ရယူထားပြီး ဆင်းရဲဒုက္ခရောက်နေချိန်မှာ ပစ်ထားခြင်းသည် စာရိတ္တ ကောင်းသူတစ်ယောက်ရဲ့ အပြုအမူမဟုတ်ပါဘူး။ ဒီအချက်သည် သင့်ရဲ့ ယောက္ခမတွေအတွက်သာ အကျုံးဝင်တာမဟုတ်ပါဘူး။ သင့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းများအပေါ်လည်း အကျုံးဝင်ပါတယ်။ လူသားတွေသည် တစ်ယောက်နဲ့ တစ်ယောက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ နေထိုင်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတစ်ပါး ခက်ခဲနေချိန်မှာ ကိုယ့်ဘက်က ကူညီနိုင်သလောက် ကူညီပေးလိုက်ပါ။ တစ်ချိန်ချိန်မှာ ကိုယ်က ဒုက္ခရောက်ခဲ့သည်ရှိသော် ကိုယ့်စေတနာက ကိုယ့်ကို ပြန်အကျိုးပေးမှာဖြစ်ပြီး ကိုယ့်ကို ကူညီမယ့်သူတွေရှိနေမှာဖြစ်ပါတယ်။
Source: Focusonthefamily
Featured Image: Sweety High
