တရားထိုင် တဲ့ကိစ္စက လူငယ်တွေ အကြားမှာတော့ သိပ်ခေတ်စားချင်မှ ခေတ်စားပါတယ်။ တရားထိုင် တဲ့ခြင်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေအရဆို အမေရိကန်မှာ အမျိုးသားတွေ တရားထိုင်တာ ၁၁.၈% ရှိပြီး အမျိုးသမီးတွေက ၁၆.၃% ရှိတယ်လို့ ဆိုပါတယ်။ ယောကျာ်းလေး တွေအကြားမှာ ပေါ်ပြူလာမဖြစ်ပေမယ့် တရားထိုင်တာက အမျိုးသား တွေအတွက် အတော်ကြီး အကျိုးများပါတယ်။
(၁) ပစ္စုပ္ပန်ကျကျ နေတတ်လာမယ်
Photo : Pexels
တရားထိုင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်တစ်ခုက လက်ရှိမျက်မှောက် ဖြစ်ကြုံနေရမှုကို ပြည့်ပြည့်ဝဝ ထိတွေ့ထိန်းချုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ယေဘုယျပြောရရင် တရားထိုင်တာက အသက်ရှုမှုကို အာရုံစိုက်တာ ဖြစ်ပြီး တစ်နေရာတည်းကို စိတ်စိုက်တာက အသက်ရှုမှုရဲ့ စဉ်ဆက်မပြတ် ဖြစ်ပျက်နေမှုကို အာရုံပြုတာပါ။ တရားထိုင်တဲ့ အလေ့အထ အားကောင်းလာရင် ပစ္စုပ္ပန်ပေါ် ပိုပြီး နေသားတကျ ဖြစ်လာပါမယ်။ ရှေ့ရေးနောက်ရေး တွေးပြီး စိတ်လေတာတွေ လျော့ပါးလာနိုင်ပါတယ်။
(၂) လူမှုဆက်ဆံရေး ပိုကောင်းလာမယ်

Photo : Pexels
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အကျိုးတစ်ခုက တရားထိုင်ခြင်းအားဖြင့် လူအချင်းချင်း ဆက်ဆံပေါင်းသင်းရေးမှာပါ ပိုပြီး ချောမွေ့အဆင်ပြေလာနိုင်ပါတယ်။ တရားထိုင်မှုကြောင့် ရလာတဲ့ စိတ်အေးချမ်းတည်ငြိမ်မှုက လက်တွေ့မျက်မြင် အကျိုးအနေနဲ့ လူမှုရေးဘက်မှာ တစ်ဖက်သားကို စာနာနားလည်မှု ပိုရှိလာသလို ပိုပြီးလည်း နားထောင်ပေး တတ်လာပါမယ်။
(၃) အလုပ်မှာ အာရုံစိုက်ရ ပိုလွယ်လာမယ်

Photo : Pexels
လုပ်ငန်းခွင်မှာ ဆက်ဆံရေးပိုကောင်းလာခြင်း ၊ လုပ်ရည်ကိုင်ရည် ပိုအရည်အသွေးတက်လာခြင်းနဲ့ လုပ်ငန်းခွင်စိတ်ချမ်းသာမှု ပိုရှိလာခြင်း စတဲ့ စတဲ့ စွမ်းဆောင်ရည်မျိုး တက်ချင်ရင် အမျိုးသားတွေအနေနဲ့ ပုံမှန်တရားထိုင်ပေးဖို့ ပြောချင်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် စိတ်လေ လွင့်မှု နဲ့ စိတ်ထဲ အနှောင့်အယှက်ဝင်တာ နည်းစေသလို အချိန်နဲ့ အာရုံစိုက်မှုပေါ် ပြည့်ပြည့်ဝဝ အားထည့်လာနိုင်ပါတယ်။
(၄) ကိုယ်တိုင်သိစိတ် ပိုမြင့်လာမယ်

Photo : Pexels
တရားထိုင်နေကျ ပုဂ္ဂိုလ်ဟာ စိတ်ရဲ့ ဖြစ်စဉ်ကို မေ့မေ့လျော့လျော့ မထားဘဲ စိတ် စိတ်အတိုင်း သိသိလာပါတယ်။ စိတ်ထဲမှာ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ စိတ်ဓါတ်ကျခြင်း ၊ စိတ်တက်ကြွခြင်း စတဲ့ ခံစားချက်တို့ရဲ့ ဖြစ်ပေါ်လာပုံ တစ်ခုကနေ တစ်ခု ပြောင်းလဲသွားပုံကို သိလာရာကနေ ကိုယ့်စိတ်ကို ပိုထိထိရောက်ရောက် သိလာပါတယ်။
Self-Awareness မြင့်လာသူဟာ အလွန်အကျွံ ဝမ်းနည်းဝမ်းသာ ၊ စိတ်တက်စိတ်ကျ မဖြစ်အောင် ထိန်းချုပ်လာနိုင်ပါတယ်။ ပင်ကိုယ်သိစိတ် မြင့်မားလာခြင်းကြောင့် တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကိုပါ ပိုပြီး ထွင်းထွင်းဖောက်ဖောက် သိလာနိုင်သလို စာနာနားလည်မှုလည်း ပိုရှိလာနိုင်ပါတယ်။ စိတ်ရှင်းလာပြီး အမြင်လည်း ရှင်းလာနိုင်ပါတယ်။ ပုံမှန်တရားထိုင်သူတို့အဖို့ စိတ်နေမြင့်မားပြီး လူမှုဒုက္ခပြဿနာတွေကို ရင်ဆိုင်ရာမှာ တခြားသူတွေထက် ပိုလို့ လွယ်ကူချောမွေ့စွာ ဖြတ်ကျော်ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Featured Photo :

