ဆီးကျိတ် ဆိုတာ အမျိုးသားတစ်ယောက်ရဲ့ မျိုးပွားမှုစနစ်အတွက် အရေးပါဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဆီးအိမ်အောက်နဲ့ စအိုရှေ့မှာ ရှိတဲ့ သစ်ကြားသီးအရွယ် ဂလင်းအသေးလေးတစ်ခု ဖြစ်ပါတယ်။ ဆီးကျိတ်ဟာ အင်ဇိုင်းပါတဲ့ အရည်တစ်မျိုးကို ထုတ်ပေးပြီး ၎င်းအရည်မှာပါတဲ့ သတ္တုဓာတ်တွေနဲ့ ပရိုတင်းဓာတ်တွေဟာ သုတ်ပိုးအာဟာရနဲ့ သုတ်ကောင်လေးတွေ ကူးခတ်စီးဆင်းဖို့အတွက် အထောက်အကူ ပြုပေးနေတာပါ။

အမျိုးသားတွေအနေနဲ့ လူကြီးလူငယ်မရွေး ဆီးကျိတ်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုအပ်ပြီး အထူးသဖြင့် အသက်ကြီးလာတာနဲ့အမျှ ဆီးမထိန်းနိုင်ခြင်း ၊ လိင်တံနဲ့ လိင်မှုဆိုင်ရာ ကမောက်ကမ ဖြစ်ခြင်း အပါအဝင် ဆီးကျိတ်ကင်ဆာကဲ့သို့ ဆီးကျိတ်နဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

Prostate

Photo : Gulf Coast Urology

ဆီးကျိတ်နဲ့ဆိုင်တဲ့ အဖြစ်အများဆုံး ရောဂါအခြေအနေတွေကတော့…….

ဆီးကျိတ်ရောင်ရမ်းခြင်း – ဆီးကျိတ် ရောင်ရမ်းခြင်းရဲ့ လက္ခဏာတွေကတော့ ဆီးသွားစဉ် သို့မဟုတ် သုက်လွှတ်စဉ်မှာ နာကျင်မှု အလယ်အလတ် ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

ဆီးကျိတ်ကြီးခြင်း – ဆီးကျိတ်တစ်ဝိုက်မှာရှိတဲ့ ဆဲလ်တွေ ကြီးထွားလာမှုကြောင့် ဆီးကျိတ်ဂလင်းတွေ ကျယ်လာတဲ့ အခြေအနေပါ။ ဒါဟာ အသက် ၅၀ နဲ့ အထက် အမျိုးသားတွေမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။

ဆီးကျိတ်ကင်ဆာ – ဆီးကျိတ် ဂလင်းတွေရဲ့ တစ်ရှူးတွေမှာ ဖြစ်ပေါ်တက်တဲ့ ကင်ဆာတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာဟာ အမျိုးသား ၈ ယောက်မှာ ၁ ယောက်နှုန်းခန့် ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။

အစားအသောက်နဲ့ ဆီးကျိတ်ကျန်းမာရေး

Prostate Cancer

Photo : Lifecare Hospital

ကျန်းမာပြီး မျှတတဲ့ အစားအသောက်တွေကို စားသုံးတာဟာ ဆီးကျိတ် ကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ဆီးကျိတ်ဟာ နှလုံးနည်းတူ သွေးကြောများစွာနဲ့ ဖွဲ့စည်းထားတဲ့ သွေးကြောဂလင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါကို ကာကွယ်ပေးတဲ့ အစားအစာတွေက သင့်ဆီးကျိတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆက်လက်ပြီး ဆီးကျိတ်ကျန်းမာရေးအတွက် အကျိုးပြုတဲ့ Diet Tips လေးတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

  • သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ စားပါ
  • အေးခဲထားတဲ့ အစားအစာတွေ ၊ Fast Food တွေ ၊ ပြုပြင်ထားတဲ့ အသားနဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ
  • အနီရောင်အသားထက် ငါး သို့မဟုတ် ကြက်သား ကဲ့သို့ Lean ပရိုတင်းရတဲ့ အစားအစာတွေ ပိုစားပါ
  • အယ်လ်ကိုဟော သောက်သုံးမှုကို လျှော့ချထိန်းသိမ်းပါ
  • နို့ထွက်ပစ္စည်းစားသုံးမှုကို ကန့်သတ်ပါ
  • ဆားနဲ့ သကြားဓာတ်များတဲ့ အစာအစာတွေ လျှော့စားပါ
  • ထောပတ်သီး သို့မဟုတ် သံလွင်ဆီ တို့လို အပင်အခြေခံ ကျန်းမာတဲ့ အဆီတွေ စားပေးပါ

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပြီး စိတ်ဖိစီးမှုနည်းအောင် နေထိုင်ခြင်း ၊ အိပ်ချိန်ပြည့်ပြည့်ဝဝ အိပ်စက်ခြင်း ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း ၊ ကျန်းမာရေးနဲ့ အညီ စားသောက်ခြင်း စတဲ့ ကျန်းမာတဲ့ အလေ့အထတွေဟာ ဆီးကျိတ် ကျန်းမာရေးကို ကောင်းမွန်စေပြီး ဆီးကျိတ်ဆိုင်ရာ ရောဂါ ပြဿနာတွေကို ကြိုတင်ကာကွယ် ပေးနိုင်ပါတယ်။

Source : Orlando Health

Featured Photo : Lexington Medical Center Blog