Relationship တွေအကြောင်း ပြောတဲ့အခါ ရည်းစားဟောင်း Ex တွေနဲ့ ဆက်ဆံရေးအကြောင်းကလည်း ချန်ထားလို့ မဖြစ်တဲ့ အပိုင်းပါပဲ။ လူမှန်ရင် ချစ် ၊ ကြိုက် ၊ ကွဲ ၊ ညား ဇာတ်ထုပ်ထဲမှာ တစ်ခန်းမဟုတ် တစ်ခန်းတော့ ပါဝင်က,ပြခဲ့ဖူးကြမှာပါ။ တချို့ အချစ်တွေက ရုပ်ရှင်ဆန်ဆန် စိတ်ကူးနဲ့ပဲ ပြန်ရစ်ကြည့်လို့ ကောင်းပေမယ့် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖို့တော့ မဖြစ်နိုင်တော့ပါဘူး။

ရည်းစားဟောင်း ဆိုတာမျိုးကလည်း မသက်ဆိုင်တော့တဲ့ အရင်းနှီးဆုံးလူတစ်ယောက်ပဲ မဟုတ်လား။ အချစ်ဟောင်းနဲ့ နောက်ပိုင်း ဆက်ဆံရေးတွေက သူစိမ်း မဟုတ်ရင်တောင် သူငယ်ချင်းလို ပီပီပြင်ပြင် ရှေ့ဆက်ဖို့ ခက်တတ်ပါတယ်။ တချို့တွေကတော့ စိတ်မပြတ်နိုင်ဘဲ အဆက်ဟောင်းနဲ့ ဆက်စပ်ချင်တဲ့ စိတ်ကလေးတွေ ရှိတတ်ကြပါတယ်။

တကယ်လို့ ကွီးတို့မှာ ရည်းစားဟောင်းနဲ့ အကြောင်းကြောင်းကြောင့် ခေါ်ရပြောရ ဆက်ဆံရတာမျိုး ရှိရင်တောင် ရှောင်ကြဉ်သင့်တာလေးတွေ ရှိပါတယ်။ ဒီလို ရှောင်ကြဉ်ရမယ့် အချက်လေးတွေထဲမှာ အခုပြောမယ့် အဆက်ဟောင်းကို မမေးကောင်းတဲ့ မေးခွန်းတချို့လည်း ပါဝင်နိုင်ပါတယ်။

(၁) ကိုယ်တို့ ဘယ်လိုဖြစ်လို့ လမ်းခွဲလိုက်ရတာလဲ ?

Man Using Smartphone

Photo: Pexels

ပြတ်ပြီးနောက် ရည်းစားဟောင်း ကို မမေးသင့်တဲ့ မေးခွန်းတွေထဲမှာ အတိတ်က လမ်းခွဲလိုက်ရတဲ့ အကြောင်းရင်းတွေကို မေးခွန်းထုတ်တာလည်း ပါဝင်ပါတယ်။ Ex နဲ့ အွန်လိုင်း Social Media ပေါ်မှာ Friend ဖြစ်နေတုန်းဆိုရင် သာကြောင်း မာကြောင်း နဲ့ ရောက်တက်ရာရာ ပေါ့ပေါ့ပါးပါးတွေ မေးလို့ ရပေမယ့် အရင်တုန်းက ဘာဖြစ်လို့ ပြတ်သွားခဲ့ရသလဲ ဆိုတဲ့ မေးခွန်းကို အစပြန်မဖော်ဖို့တော့ အရေးကြီးပါတယ်။

ဘယ်လို အကြောင်းကြောင့်ပဲ လမ်းခွဲ လမ်းခွဲ ပြီးခဲ့တာတွေ ပြီးပါစေရော့ ဆိုပြီး ပြည်ဖုံးကားချတတ်ဖို့ လိုပါတယ်။ အခုချိန်မှာ ရင်းနှီး ကျွမ်းဝင်နေဆဲပဲ ဆိုရင်တောင် အရင်လမ်းကြောင်းကို ပြန်ဦးမတည်မိဖို့ လိုပါတယ်။ ပြတ်သွားတဲ့ Relationship ဆိုတာ ပြီးသွားတဲ့ပွဲ တစ်ခုပါပဲ။ တစ်ယောက်မှတ်ဉာဏ်ထဲမှာ တစ်ယောက် ရှိခဲ့တယ်ဆိုရင် လုံလောက်ပြီးသား ကိစ္စဖြစ်ပါတယ်။ ဒါကိုမှ ဘယ်သူ့ကြောင့် ဘယ်လို ဖြစ်လို့ လမ်းခွဲလိုက်ရပါတယ်ဆိုတာ မေးစရာမလိုတဲ့ မေးခွန်းဖြစ်သလို ဖြေဖို့ မလိုတော့တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေ ပြတ်သားခဲ့ပြီးမှတော့ နောက်ကြောင်းပြန်လှည့်ပြီး သုံးသပ်လို့လည်း မကောင်းတော့ပါဘူး။ နောက်ဆက်တွဲမှာ ကိုယ့်ဘဝကို ကျောင်းရတဲ့ အခြေအနေနဲ့ပဲ ရှေ့ဆက်ပါ။ မမေးကောင်းတာတွေ မေးပြီး သူရော ကိုယ်ပါ ဆက်မနာကျင်ပါစေနဲ့လို့ ပြောချင်ပါတယ်။

(၂) နောင်တရဖူးလား ?

Texting

Photo : Pexels

အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေအတွက် ယုတ္တိရှိတဲ့ အဖြေတွေ မလိုအပ်ပါဘူး။ အရင်တုန်းကလို ပြန်မဖြစ်တော့မှာ သိပြီးသားပဲ မဟုတ်လား။ ပြတ်ခဲ့တဲ့ ကိစ္စအတွက် နောင်တရသလားဆိုတာ မေးစရာမလိုတဲ့ မေးခွန်းဖြစ်သလို ၊ ဘယ်သူမှလည်း အရေးတယူ ဖြေချင်မှာတော့ မဟုတ်ပါဘူး။ ဒီလို မေးတာက ပြဿနာနဲ့ စိတ်မသက်မသာစရာတွေပဲ ထပ်ခံစားရရုံကလွဲပြီး ရလဒ်ကောင်း ထွက်မှာ မဟုတ်ပါဘူး။

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ ပြတ်စဲပြီးနောက် အထီးကျန်တိတ်ဆိတ်တဲ့ အချိန်တွေ ၊ အဖြေမတွေ့တဲ့ ထပ်ကျော့ မေးခွန်းတွေပဲ မေးနေမိတတ်စမြဲပါ။ ဘာပဲ ဖြစ်ဖြစ် ရည်းစားဟောင်း နဲ့ ဆိုင်တဲ့ မေးခွန်းတွေဟာ တခြားသူကို ဦးတည်ဖို့ထက် ကိုယ့်အတွင်းစိတ်ထဲမှာပဲ ချန်လှပ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်စေ ၊ Ex ပဲ ဖြစ်စေ ရှေ့ဆက်ရမယ့်လမ်းအတွက် ပိုကောင်းတာ ရွေးချယ်ဖို့ နဲ့ မှားခဲ့တဲ့ အမှားတွေ ရှိရင် နောင်မှာ မမှားဖို့ပဲ သင်ခန်းစာယူပြီး ဖြတ်ကျော်ရမှာပါ။

(၃) ကိုယ့်ကို သတိရသေးလား ?

Photo : Pexels

လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဒီလမ်းမှာ နှစ်ယောက်အတူ တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး အရင်လို လျှောက်ဖြစ်တော့မှာ မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။ သူလည်း သူ့ဘဝနဲ့သူ ၊ ကိုယ်လည်း ကိုယ့်ဘဝနဲ့ ကိုယ် ရှေ့ကို ဆက်ရတော့မယ့် အခြေအနေ ရောက်သွားပါပြီ။ ဒီအချိန်မှာ “ကိုယ့်ကို သတိရသေးလား” လို့ မေးတာဟာ ရိုင်းပါတယ်။ မေးလည်း မမေးကောင်းတော့ပါဘူး။

လူတစ်ယောက်ဟာ ဘဝမှာ ပြန်မလှည့်ဖြစ်တော့တဲ့လမ်းကို တစ်ခါတော့ လိုက်ခဲ့ဖူးကြမှာပါ။ ဒီထဲမှာ သိပ်ချစ်ပါလျက်နဲ့ ခွဲခွာ ပြတ်စဲခဲ့ကြသူနဲ့ ဟိုအရင်က အတိတ်လမ်းလည်း ပါနိုင်ပါတယ်။ ဒါပေမယ့် အတိတ်ဟာ မဆိုင်တော့တဲ့အရာ ဆိုတာ Ex – Relationship မှာ အမြဲ သတိပြုဖို့ လိုပါတယ်။ ဒါကြောင့် အကြောင်းသင့်လို့ ရည်းစားဟောင်း နဲ့ စာအားဖြင့်ရော လူကိုယ်တိုင်ပါ အဆက်အသွယ် လုပ်ဖြစ်တဲ့အခါ ကိုယ့်ကို သတိရရဲ့လားလို့ မမေးပါနဲ့။ သတိရလို့လည်း ဘာမှ မထူးတော့ပါဘူး။

(၄) အခု လူသစ်တစ်ယောက်လို ဖြစ်နေပြီလား ?

Man And Smartphone

Photo : Pexels

Ex တစ်ယောက်ကို မေးလိုက်တဲ့ အခုမေးခွန်းတွေက “နေကောင်းရဲ့လား ၊ မတွေ့တာ ကြာပြီနော် ၊ ကျန်းမာရေး ဂရုစိုက်ဦး” ဆိုတဲ့ မေးခွန်းတွေလောက်ကို အဓိပ္ပါယ် မရှိတော့ပါဘူး။ သာမန်နေ့စဉ်ဘဝရဲ့ ဒုက္ခသုက္ခတွေ , လူမှုဘဝ အချိုးအကွေ့ နဲ့ လောကဓံလှိုင်းတွေအကြားမှာ လူတွေဟာ အပြောင်းအလဲနဲ့ နေသားတကျ ရှိအောင် ကြိုးစားနေထိုင်နေကြတာပါ။ တစ်ခါတလေမှာ ထိထိခိုက်ခိုက် လွမ်းမိတာကလွဲရင် မပတ်သက်ကောင်းတော့တဲ့ အဆက်ဟောင်းနဲ့ ဆက်ဆံရေးအိပ်မက်ဟာ အိပ်နေတုန်း မက်တာပဲ အဆင်ပြေပါတယ်။

လူ့ဘဝမှာ အကြောင်းအားလျော်စွာ တွေ့ကြုံ ၊ ပတ်သက်ခဲ့ဖူးသူတွေ ရှိကြမှာပါ။ တချို့ကတော့ ပေါ့ပေါ့ပါးပါးပဲ ဘဝထဲ ဝင်ရောက်လာ ၊ ဘာကိုမှ အလေးအနက် ချန်မထားခဲ့ဘဲ ထွက်သွားခဲ့ပြီး တချို့တွေကတော့ နင့်နင့်သည်းသည်း အချစ်ကြီးခဲ့ပါလျက်နဲ့ မဆုံနိုင်တဲ့ ကံအကွေ့မှာ ဝေးကွာချန်ရစ်ခဲ့တာတွေလည်း ရှိကြတာပါပဲ။ ကြုံခဲ့သမျှ ဘဝအတွေ့အကြုံတွေကို အလွယ်တကူ လက်ခံတတ်ပြီး လက်ရှိ ပစ္စုပ္ပန်နဲ့ မသေချာတော့တဲ့ မနက်ဖြန်အတွက် ကောင်းနိုင်သမျှ ကောင်းအောင် ထုဆစ်ပုံဖော်နေတဲ့ သူတွေပဲ စိတ်အနာ သက်သာတတ်ပါတယ်။

ဒါကြောင့် Ex ပဲ ဖြစ်ဖြစ် ၊ မသိကျွမ်းခဲ့သူလေးနဲ့ပဲ ဖြစ်ဖြစ် သတိတရ ရှိတဲ့အခါ တစ်ကိုယ်တော် လွမ်းဆွတ်ချင် လွမ်းပစ်လိုက်ပါ။ ဒါပေမယ့်လည်း အဓိပ္ပါယ်မရှိတဲ့ နွေအိပ်မက်ထဲကို အရင်လို စိတ်နဲ့ ပြန်ခုန်မဝင်ဖြစ်အောင်တော့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးထားပါလို့ အကြံပြုချင်ပါတယ်။

Featured Photo : bolde