ချစ်သူစုံတွဲတွေကြားမှာ ရန်ဖြစ်စကားများတာဟာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါပဲ။ သို့သော် ရန်ဖြစ်စကားများခြင်းရဲ့နောက်က ဖြေရှင်းပုံဖြေရှင်းနည်းတွေပေါ်မူတည်ပြီး နှစ်ဦးသားဆက်ဆံရေး ရလဒ်တွေကတော့ အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ ပြဿနာတစ်ခုဖြစ်လာတဲ့အခါ အကောင်းဆုံးရလဒ်တစ်ခုရအောင် ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ မဟုတ်ရင် ကွီးတို့ရဲ့ဆက်ဆံရေးက အေးစက်စက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ဝေးသထက်ဝေးသွားနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ရန် တွေဘယ်လောက်ပဲဖြစ်ဖြစ် ၊ စကားတွေ ဘယ်လောက်များများ အမုန်းမပွားပဲ ပြန်ချစ် နိုင်ဖို့ သိထားရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) သီးခြားအချိန်ပေးပါ

couple

Photo : Breaking News

ရန် ဖြစ်စကားများကြပြီးတဲ့နောက်မှာ တစ်ယောက်နဲ့တစ်ယောက် သီးခြားအချိန်တစ်ခုပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့ဆို သွေးပူတုန်း ၊ စိတ်ခံစားချက်တွေ မြင့်နေတုန်းမှာ ပြဿနာကို ဖြေရှင်းတာဟာ အမှားတွေအများကြီး ဖြစ်သွားနိုင်ချေရှိပါတယ်။ ဒါကြောင့် ပြဿနာတစ်ခုကို မဖြေရှင်းခင်မှာ စိတ်တည်ငြိမ်မှုရအောင် ၊ အမှန်အမှားကို သေချာဝေဖန်ပိုင်းခြားနိုင်အောင် တစ်ယောက်နဲ့တစ်ယောက် သီခြားကိုယ်ပိုင်အချိန်ခဏယူပြီးမှသာ ပြဿနာရဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ တစ်ခါတစ်လေမှာ ဒေါသတွေ ၊ စိတ်ခံစားမှုတွေရှေ့တန်းတင်ပြီး ပြဿနာကိုဖြေရှင်းကြတဲ့အခါ အဖြေမထွက်ပဲ အငြင်းအခုံတွေပဲ ပိုဖြစ်လာတက်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် သီးခြားအချိန် ခဏတဖြုတ်ယူသင့်သလို ကိုယ့်ချစ်သူအတွက်လည်း သီးခြားအချိန်တစ်ခုပေးပါ။ ဒါဆို ပြဿနာကိုအကောင်းဆုံး ရလဒ်ထွက်အောင် ဖြေရှင်းနိုင်ပါလိမ့်မယ်။

(၂) ပြင်းထန်တဲ့ စကားလုံးတွေရှောင်ပါ

couple

Photo : When It’s Knot Forever

ပြဿနာတစ်စုံတစ်ရာ ဖြစ်ကြပြီ ၊ အငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် အဓိကသတိထားရမှာက နှုတ်မကျွံမိစေဖို့ပါပဲ။ တစ်ခါတစ်လေမှာ ဒေါသအလျောက် စကားလုံးကြမ်းကြမ်းတွေ ပြောဆိုလိုက်တာ ၊ အနိုင်ရလိုစိတ်နဲ့ တစ်ဘက်လူကို စကားလုံးပြင်းပြင်းတွေနဲ့ ချောင်ပိတ်ရိုက်တာ စတဲ့ အပြုအမူတွေကို ရန် ဖြစ်စကားများချိန်မှာ အတက်နိုင်ဆုံး ရှောင်ကြဉ်ဖို့ လိုပါတယ်။ တစ်ယောက်ကို တစ်ယောက် စိတ်နာတယ် ၊ နာကျည်းတယ်ဆိုတာ ဒီလို ပြင်းထန်တဲ့ စကားလုံးတွေက စတာပါပဲ။ နာကျင်ကြေကွဲရတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ အပြန်အလှန်ထိုးနှက်အနိုင်ယူခြင်းမရှိရင် ရန်တွေဖြစ်ပေမယ့်လည်း ပြန်ချစ် နိုင်သေးတယ်ဆိုတာ ယုံပါ။

(၃) ဂရုတစိုက် နားထောင်ပါ

couple

Photo : Calmerry

တစ်ယောက်ရင်ထဲက စကားသံတွေကို တစ်ယောက်ကကြားနိုင်အောင် နားထောင်ရင် ပြဿနာတွေဆိုတာ တဒင်္ဂပါပဲ။ ရန်ဖြစ်တယ် ၊ စကားများတယ် ၊ အငြင်းအခုန်တွေ ဖြစ်ကြတယ်ဆိုတာဟာ နားလည်မှုလွဲတာ ၊ တစ်ယောက်နဲ့တစ်ယောက် ရင်ခုန်ခြင်း ချစ်ခြင်းသံစဉ်တွေ ကြိုးညှိမရလို့ပါ။ ဒါကြောင့် ရန်ဖြစ်စကား အငြင်းပွားကြတဲ့အခါ တစ်ဖက်လူရဲ့ရင်ထဲက စကားသံတွေ ၊ ခံစားချက်တွေကို အရင်ဆုံးမြင်နိုင်ကြားနိုင်အောင် သေချာဂရုတစိုက်နားထောင်ပေးဖို့ လိုပါတယ်။ ကိုယ့်ခံစားချက်ကိုပဲ ရှေ့တန်းမတင်ပဲ ကိုယ့်ချစ်သူ ၊ ကိုယ့်ပါတနာရဲ့ ရင်တွင်းခံစားချက်တွေကို နားလည်အောင် သေချာနားထောင်ပေးပါ။ ဒါဆိုရင် ရန်ဖြစ်ရတဲ့ ပြဿနာတွေ ပြီးပြတ်ကျေအေးပြီး အမြန်ဆုံး ပြန်ချစ် နိုင်ပါလိမ့်မယ်။

(၄) တောင်းပန်ပါ

couple

Photo : Lifestyle

ထိရောက်တဲ့တောင်းပန်မှုတွေဟာ ချစ်သူနှစ်ဦးကြားက ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး နှစ်ဦးသားရဲ့ဆက်ဆံရေးကို အကောင်းဆုံးအခြေအနေတစ်ခုနဲ့ ရှေ့ဆက်နိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။ ပြဿနာတစ်ခုဖြစ်တဲ့အခါ ၊ အမှားတစ်ခုကျူးလွန်မိတဲ့အခါ မှားတဲ့သူက မှားကြောင်းဝန်ခံတောင်းပန်ရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်။ မာန်မာနတွေ တခွဲသားနဲ့ အမှားလုပ်သူက ကိုယ့်အမှားကိုတာဝန်မယူဘူး ၊ မတောင်းပန်ဘူးဆိုရင် ပြဿနာဟာ ကောင်းမွန်တဲ့ ရလဒ်အဖြေတစ်ခု ထွက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမှားလုပ်မိတယ်ဆိုရင် မှားကြောင်း ဝန်ခံပါ။ တောင်းပန်ပါ။ နောက်ထပ်ဒီလိုအမှားမျိုး ထပ်မဖြစ်စေဖို့ အာမခံပါ။ ကတိပေးပါ။ ဒါဆိုရင်တော့ ပြဿနာတွေကနေ အကောင်းဆုံး အဖြေရလဒ်တစ်ခုရှာဖွေနိုင်မှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြန်ချစ် ဖို့ခက်ခဲတော့မှာ မဟုတ်ပါဘူး။

ကွီးတို့ရဲ့ Relationship မှာရော ရန်ဖြစ်ပြီးနောက် ပြန်ချစ် နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးဖြစ်လဲဆိုတာ မျှဝေပေးခဲ့ပါဦး။

Featured Photo : Keir Brady Counseling Services