လှည့်ကွက်တွေမပါတဲ့ ရိုးရိုးရှင်းရှင်း ဂိမ်းတွေ က ပျော်စရာကောင်းတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ကြာလာရင်တော့ ငြီးငွေ့စရာ ဖြစ်လာမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်တော့ ပဟေဠိတွေ အဖြေညှိရင်း ခေါင်းခြောက်အောင် ဆော့ရမယ့် Escape ဂိမ်း အမိုက်စားတွေကို ပြောပြပေးချင်ပါတယ်။ ကွီးတို့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း ၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း စကေးတွေကို ကောင်းကောင်း အသုံးချပြီး ဆော့ကစားရမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းသလို ပျော်ဖို့လည်း ကောင်းမှာပါ။ အချို့ဂိမ်းတွေက ရိုးရှင်းပေမယ့်လည်း အချို့က ဇာတ်လမ်းဇာတ်ကွက် မြုပ်ကွက်တွေနဲ့ တော်တော်လေး ခေါင်းစားရနိုင်ပါတယ်။ ကဲဒါဆို ရိုးရိုးရှင်းရှင်း ဂိမ်းတွေ မဆော့ချင်တဲ့ ကွီးတို့အတွက် ခက်ခဲနက်နဲမှုတွေနဲ့ အဖြေတွေရှာရမယ့် ရှယ်မိုက်တဲ့ Escape ဂိမ်း တွေကို ပြောပြပေးလိုက်ပါတယ်နော်။

(၁) Adventure Escape Series

 

 

Source : Haiku Games

Adventure Escape ကတော့ Haiku Games က ဖန်တီးထားတဲ့ အမိုက်စား Escape ဂိမ်းတွေ ပါ။ ဒီဂိမ်းစီးရီးမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို အဖြေရှာရမယ့် ဇာတ်ကောင်တွေနေရာကနေ ကစားရမှာပါ။ ဂိမ်းတစ်ခုစီတိုင်းရဲ့ အဓိကသော့ချက်မှာ Players တွေအနေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းပြီး အသက်အန္တရာယ်ကနေ လွတ်မြောက်အောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ Graphics လည်းတော်တော်မိုက်သလို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ် ဆော့ကစားရမှာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း မဟုတ်တဲ့ ဆန်းဆန်းပြားပြား ဂိမ်းတွေ ဆော့ချင်ရင်တော့ Adventure Escape Series က သေချာပေါက် ကစားသင့်တဲ့အထဲမှာ ပါပါတယ်။

(၂) All That Remains: Part 1

Source : GlitchGamesLtd

Escape ဂိမ်းတွေ ထဲမှာ နာမည်ကြီး လူကြိုက်များတဲ့ ဂိမ်းတစ်ခုက All That Remains: Part 1 ပါပဲ။ ဒီဂိမ်းရဲ့ ဇာတ်လမ်းသွားပုံစံကတော့ အဓိက ဂိမ်းဇာတ်ကောင်နဲ့ သူ့ညီမတို့ဟာ လျှို့ဝှက်ဘန်ကာထဲတွင် ပိတ်မိနေကြတဲ့ အခြေအနေပါ။ အဲဒါကနေ လွတ်မြောက်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ သဲလွန်စတွေကို ဓာတ်ပုံရိုက်ဖို့ ကင်မရာ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ ပဟေဠိဆန်တဲ့ လျို့ဝှက်ချက်တွေ အများကြီးရှာဖွေ ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်ရှိန် အတက်အကျအလိုက် ဂိမ်းရဲ့နောက်ခံတေးသွား Soundtrack တွေကလည်း တော်တော်မိုက်တယ် ပြောရမှာပါ။ ဒီဂိမ်းက ၁.၅ ဒေါ်လာခန့်လောက်တော့ ကျသင့်မှာဖြစ်ပေမယ့် ဝယ်ဆော့ရကျိုးနပ်တဲ့ ဂိမ်းတစ်ခုဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

(၃) Great Escapes

Source : GlitchGamesLtd

Great Escapes ဂိမ်းကတော့ Escape ဂိမ်းတွေ ထဲမှာ မတူညီတဲ့ ပုံစံနဲ့ ကွဲထွက်နေတာပါ။ ဒီဂိမ်းက ပေါပေါပဲပဲထုတ်ထားတာ မဟုတ်ပဲ ဂိမ်းကွာလတီကို တော်တော်လေး အလေးပေးထားတာ သိသာပါတယ်။ ထူးခြားချက်ကတော့ Players တွေအနေနဲ့ Glitch Camera နဲ့ ပုံတွေ ရိုက်ကူးရမှာဖြစ်ပြီး ဓာတ်ပုံတွေက လမ်းညွှန်တဲ့အတိုင်း ဘယ်သွားရမယ် ၊ ဘာဆက်လုပ်ရမယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ ပစ္စည်းတွေ စုဆောင်း အမျိုးမျိုးသော သဲလွန်စတွေကို အဖြေရှာတဲ့ နေရာမှာလည်း ဓာတ်ပုံတွေက တော်တော်လေး အရေးပါပါတယ်။ Great Escapes က Escape ဂိမ်းတွေထဲမှာ ပြိုင်ဘက်ကင်းတဲ့ ဂိမ်းတစ်ခုလို့ မပြောနိုင်ပေမယ့်လည်း အကောင်းဆုံး ဂိမ်းတစ်ခု ဆိုတာ‌တော့ ငြင်းလို့မရနိုင်ပါဘူး။

(၄) Veritas

Source : GlitchGamesLtd

Veritas ကတော့ First-Person စွန့်စားခန်း ဂိမ်းတစ်ခု ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတွေကနေ လွတ်လမ်းတွေဖို့ ပဟေဋ္ဌိများစွာကို အဖြေရှာရမှာပါ။ ဂိမ်းရဲ့ ဇာတ်လမ်းကိုတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့အတူ ဒီလိုစတင်ထားပါတယ်။ ဂိမ်းဇာတ်ကောင်က ဆရာဝန်တွေရဲ့ စမ်းသပ်ခန်းထဲမှာ နိုးထလာတာ ဖြစ်ပြီး အဲ့ဒီအခန်းထဲကို ဘယ်လိုကနေ ဘယ်လိုရောက်နေလဲဆိုတာ မသိရတဲ့ အခြေအနေပါ။ ဇာတ်လမ်းသွားက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်ရှိန်အနိမ့်အမြင့် အတက်အကျတွေလည်း အရမ်းမိုက်ပါတယ်။ ဂိမ်းမှာပါတဲ့ အရိပ်အမြွက်ပေးတဲ့ စနစ်တွေကလည်း‌ တော်တော်လေး ထူးခြားကောင်းမွန်တာ တွေ့ရပါတယ်။ ဂိမ်းရဲ့ တစ်စိတ်တစ်ပိုင်းကို အခမဲ့ကစားနိုင်ပေမယ့် နောက်ပိုင်း အခန်းဆက်တွေကိုတော့ ဝယ်ကစားရမှာပါ။ Escape ဂိမ်းကောင်းကောင်း ဆော့ချင်သူတွေကတော့ Veritas ဂိမ်းကို သေချာပေါက် ဆော့ကြည့်စေချင်ပါတယ်။

Featured Photo : Android Authority