ပြင်သစ်တိုက်စစ်မှူး ကိုင်လီ မက်ပီဟာ ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ပြီး ပီအက်စ်ဂျီ အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် အင်စတာဂရမ် Follower ၇ သိန်းကျော် ထိုးကျသွားတယ်လို့ သိရပါတယ်။

Photo : QueenZ
အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်ပြောင်းရွေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်ကို ထွက်ခွာဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မက်ပီကတော့ အပြောင်းအရွေ့အတွက် စိတ်ပြောင်းသွားခဲ့ပြီး လီဂူး ၁ ဘီလူးကြီး ပီအက်စ်ဂျီအသင်းနဲ့ပဲ ၃ နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။
မက်ပီရဲ့ ဆုံးဖြတ်ချက်ဟာ ပြင်သစ်သားတွေအတွက် ပျော်ရွှင်စရာ သတင်းကောင်းတစ်ခုဖြစ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ပရိသတ်တချို့ကိုတော့ မကျေမနပ်ဖြစ်စေခဲ့ပါတယ်။
မက်ပီရဲ့ အင်စတာဂရမ်မှာ Follower အရေအတွက်ဟာ စနေနေ့က ၇၁.၆ သန်းရှိခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးကြောင်း တရားဝင်ကြေငြာခဲ့ပြီးတဲ့နောက်မှာ Follower ၇၀.၉ သန်းအထိ ထိုးကျသွားခဲ့တယ်လို့ El Chiringuito မှာဖော်ပြခဲ့ပါတယ်။
မက်ပီဟာ ပီအက်စ်ဂျီ အသင်းဖော် နေမာ ၊ မက်ဆီနဲ့ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို တို့ပြီးနောက် စတုတ္ထမြောက် Follower အများဆုံး ကစားသမား ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ပရိသတ်တချို့ကလည်း မက်ပီကို အင်စတာဂရမ်မှာ Follow ဖြုတ်ခဲ့ကြောင်း Screenshots တွေကို တွစ်တာ လူမှုကွန်ယက်မှာ မျှဝေခဲ့ကြပါတယ်။
Photo : Marca
မက်ပီကတော့ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးတဲ့နောက်မှာ ပီအက်စ်ဂျီအသင်းနဲ့ မပြီးပြတ်သေးတဲ့ ဇာတ်လမ်းတွေရှိနေလို့ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မက်ပီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မက်ဇ်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ရာသီနောက်ဆုံးပွဲစဉ်မှာ ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပါတယ်။
Featured Photo : SPORTbible
											
				
									
	
	
	
	
	