ရေမွှေး ဆွတ်တိုင်း အနံ့ကြာကြာ မခံလို့ စိတ်ညစ်နေပြီလား ? ကွီးတို့ ဈေးကြီးပေး ဝယ်ထားတဲ့ ရေမွှေးက ထင်သလောက် အချိန်ကြာကြာ အနံ့မခံဘူးဆိုရင် ကွီးတို့ ဘယ်နေရာတွေကို ဆွတ်နေလဲဆိုတာ ပြန်ကြည့်ရပါမယ်။ ရေမွှေးဖြန်းနည်း မမှန်ရင် အချိန်ကြာကြာ အနံ့ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ ရေမွှေးဆွတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာ အစိတ်အပိုင်းတွေကို အဓိကထား ဆွတ်သင့်လဲဆိုတာ ပြောပြပေးပါမယ်။
(၁) ဆံပင်
Photo : Mensxp
ဆံပင်ပေါ်ကို ကွီးတို့ ရေမွှေး ဖြန်းလေ့ဖြန်းထ ရှိပါသလား ? တစ်ခါမှ မစမ်းဘူးရင် စမ်းကြည့်ဖို့ ညွှန်းချင်ပါတယ်။ ဆံပင်ကို ရေမွှေးလိုက်ဖြန်းတဲ့အခါ ရေမွှေးရဲ့ ရနံ့တွေက ဆံသားတစ်ချောင်းချင်းစီ အပေါ်မှာ စွဲကပ်နေစေပြီး ရနံ့တွေဟာ အချိန်အကြာကြီး ဆံသားတွေအပေါ် ပြေးလွှားပျံ့လွင့် နေပါလိမ့်မယ်။
(၂) လည်ပင်း
Photo : Mensxp
နားရွက်အောက် လည်ပင်းဘေးဘက် နေရာကို ရေမွှေး ဆွတ်သင့်ပါတယ်။ လည်ပင်းတစ်ဝိုက် အရေပြား ဧရိယာဟာ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်း နေရာတွေနဲ့ ယှဉ်ရင် ပိုနွေးထွေးတာကြောင့် ရေမွှေးရဲ့ ရနံ့ကို ကြာရှည်စွာ ပိုစွဲနေစေပြီး ဆွတ်ထားတဲ့သူ ကိုယ်တိုင်လည်း ရေမွှေးအနံ့ ခပ်သင်းသင်း ပြန်ရနေစေပါတယ်။
(၃) လက်ကောက်ဝတ်
Photo : Mensxp
ကွီးတို့ လက်ကောက်ဝတ်မှာရှိတဲ့ သွေးကြောတွေဟာ သွေးခုန်နှုန်းနဲ့ ခန္ဓာကိုယ်အပူရှိန်ကို တိုက်ရိုက်စမ်းလို့ရတဲ့ နေရာတစ်ခုပါ။ ဒါကြောင့် ပုံမှန်အားဖြင့် လက်ကောက်ဝတ် နေရာဟာ ပူနွေးနေလေ့ ရှိပါတယ်။ ခန္ဓာကိုယ်အပူဟာ ရေမွှေး ရနံ့ကို ပိုပြီး စွဲထင်ကျန်စေသလို ရနံ့လွင့်ပျံ့အားကောင်းစေဖို့လည်း ကူညီပေးပါတယ်။ ဒါကြောင့် ရေမွှေးဖြန်းတဲ့အခါ လက်ကောက်ဝတ်ပေါ်က သွေးကြောနေရာတွေအပေါ် တိုက်ရိုက် ဖြန်းနိုင်ပါတယ်။
(၄) အင်္ကျီ
Photo : Mensxp
အရေပြားပေါ် တိုက်ရိုက်ဖြန်းတဲ့ နည်းကပဲ အနံ့ပိုစွဲစေတာ မဟုတ်ပါဘူး။ အင်္ကျီရဲ့ ပခုံးနေရာတွေကို ဆွတ်ပေးမယ်ဆိုရင်လည်း ရေမွှေးရနံ့ဟာ ကြာရှည်ခံပြီး အချိန်ကြာကြာ အနံ့စွဲစေပါလိမ့်မယ်။ ဒါပေမယ့် သိုးမွေးသား ဒါမှမဟုတ် ဆွယ်တာသားလို အထည်တွေကတော့ ရေမွှေးရဲ့ရနံ့ကို လျင်လျင်မြန်မြန် ပျောက်ကွယ်သွားစေတဲ့အတွက် အနံ့မခံတာမျိုး ဖြစ်တက်ပါတယ်။
Source : Mensxp
Featured Photo : Stylish men – Hombres con Estilo