ပုံမှန်ချစ်တင်းနှောခြင်းဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး နှလုံးရောဂါ ၊ လေဖြတ်ခြင်းနဲ့ အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ခြေကိုပင် လျှော့ချပေးနိုင်ပါတယ်။ အိပ်စက်မှု အရည်အသွေးကို ကောင်းမွန်စေသလို စိတ်ကျန်းမာရေးကိုလည်း များစွာအကျိုးပြုပါတယ်။ ဒါပေမယ့် သင့်ရဲ့လိင်မှုဘဝကို ထိခိုက်စေနိုင်တဲ့ ရောဂါအချို့လည်း ရှိနေပါသေးတယ်။ အချို့သော ရောဂါ အခြေအနေတွေဟာ ဟော်မုန်းဆိုင်ရာ ပြဿနာတွေနဲ့အတူ လိင်မှုဘဝ အပေါ်အကြီးအကျယ် ဒုက္ခပေးနိုင်တာပါ။ ဘယ်လိုရောဂါအခြေအနေတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) နှလုံးသွေးကြောဆိုင်ရာရောဂါ
Photo : Northwestern Medicine
နှလုံးသွေးကြောဆိုင်ရာရောဂါဟာ မကြာခဏဆိုသလို စိတ်ပိုင်းဆိုင်ရာ ပူပန်သောကကို ဖြစ်စေပြီး လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်အပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေဖြစ်တဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းဟာ လိင်အင်္ဂါမသန်စွမ်းခြင်းနဲ့ လိင်စိတ်ဆန္ဒကျဆင်းခြင်းတို့ကို အဓိက ဖြစ်စေနိုင်ပါတယ်။
(၂) ဆီးချိုရောဂါ
Photo : Upper Hutt Health Centre
သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းဟာ အာရုံကြောနဲ့ သွေးကြောတွေရဲ့လည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ဆီးချိုရောဂါခံစားနေရသူတွေဟာ ပန်းသေပန်းညိုး ပြဿနာတွေ အဖြစ်များပြီး လိင်အင်္ဂါချို့ယွင်းမှုကို ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ အမျိုးသမီးတွေမှာဆိုရင်လည်း လိင်စိတ်လျော့ကျတာ ၊ မိန်းမကိုယ်က သဘာဝချောဆီ ထုတ်လုပ်နိုင်စွမ်းကျဆင်းတာ ၊ အထွတ်အထိပ် ခံစားမှုမရတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါဟာ သွေးတိုး ၊ နှလုံး ၊ စိတ်ကျရောဂါတို့နဲ့လည်း ဆက်စပ်နေပြီး ဒီအခြေအနေတွေအားလုံးဟာ လိင်မှုဘဝအပေါ် အကြီးအကျယ် ဆိုးကျိုးသက်ရောက်စေနိုင်တာပဲ ဖြစ်ပါတယ်။
(၃) အဝလွန်ရောဂါ
Photo : Gigadocs
အဝလွန်ခြင်းဟာ နာတာရှည် ကျန်းမာရေး အခြေအနေ အတော်များများကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ အဝလွန်ခြင်းကြောင့် Libido ကို သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။ အမျိုးသားတွေမှာ ယေဘူယျအားဖြင့် Testosterone ပမာဏကျဆင်းပြီး လိင်အင်္ဂါ ချို့ယွင်းမှု ခံစားရနိုင်ခြေ ပိုများပါတယ်။ သုက်ပိုး အရေအတွက်ကိုလည်းနည်းပြီး သုက်ပိုးရှင်သန်မှုနှုန်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ အဝလွန်တဲ့ အမျိုးသမီးတွေမှာတော့ လိင်စိတ်နည်းပါးတာမျိုး ဖြစ်တက်ကြပါတယ်။ ဒါပေမယ့် သတင်းကောင်းကတော့ ဝိတ်ကျသွားတာနဲ့ ဒီပြဿနာတွေ ပျောက်သွားမှာပါပဲ။
(၄) ကင်ဆာရောဂါ
Photo : Nutrigenomics Institute
ကင်ဆာရောဂါဟာ လိင်မှုဘဝအပေါ် အကြီးအကျယ် ဒုက္ခပေးနိုင်ပါတယ်။ အဓိကအားဖြင့် ကင်ဆာရောဂါ ကုထုံးတွေဟာ ဟော်မုန်းအပြောင်းအလဲ ၊ အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပျက်စီးစေပြီး လိင်စိတ်ဆန္ဒတွေကို လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဆေးဝါးတွေနဲ့ ကုထုံးနည်းတွေကို ခံယူမယ်ဆိုရင်တော့ ဒီပြဿနာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : Associates in Women’s Healthcare