လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝအတွက် ကွန်ဒုံးတွေဟာ အဓိက မပါမဖြစ်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးဖို့နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံးတွေကို အသုံးပြုကြပါတယ်။ လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးအသုံးပြုဖို့ လိုအပ်သလို ကွန်ဒုံးတွေကို အသုံးပြုပုံပြုနည်းမှာလည်း မှန်ကန်မှုရှိဖို့အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ မူစကူးဒူးတိုင်းမှာ ရှော့ခ်ကြီးကြီး မတက်အောင် ကွိုင် သုံးတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) သက်တမ်းကုန်ဆုံးရက်ကို အမြဲစစ်ဆေးပါ

condom

Photo : Insider

ကွိုင် တွေကို အသုံးမပြုခင်မှာ ပထမဆုံးအချက်အနေနဲ့ သက်တမ်းကုန်ဆုံးရက်ကို အမြဲစစ်ဆေးရပါမယ်။ သက်တမ်းလွန် ကွန်ဒုံးတွေဟာ အားပျော့ပြီး အလွယ်တကူ ပေါက်ပြဲနိုင်ခြေရှိတဲ့အတွက် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန်ရနိုင်ခြေ အန္တရာယ်ကို တိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ဒုံးဝယ်တဲ့အခါ သို့မဟုတ် ကွန်ဒုံးအသုံးပြုခါနီးတိုင်းမှာ သင်သုံးမယ့် ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးရက်ကို အမြဲတမ်း ဂရုတစိုက် စစ်ဆေးဖို့ မမေ့ပါနဲ့။

(၂) အနံ့အရသာပါတဲ့ ကွိုင်တွေက ထိုးသွင်းဆက်ဆံမှုအတွက် အသုံးမပြုသင့်ပါ

Condom

Photo : Greatist

စတော်ဘယ်ရီအနံ့ ၊ ချောကလက်အနံ့အပါအဝင် တခြား အနံ့အရသာပါရှိတဲ့ ကွိုင် တွေကို ဈေးကွက်ထဲမှာ ကွီးတို့ မကြာခဏ တွေ့ဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ဒီလို အနံ့အရသာပါရှိတဲ့ ကွန်ဒုံးတွေဟာ ပါးစပ်နဲ့ဆက်ဆံရာမှာ အသုံးပြုဖို့အတွက်သာ သီးသန့် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ထိုးသွင်းဆက်ဆံရာမှာ ဒီလို အနံ့အရသာပါတဲ့ ကွန်ဒုံးတွေကို သုံးတာက ကောင်းတဲ့အကြံ မဟုတ်ပါဘူး။ အဆိုပါ Flavoured ကွိုင် တွေဟာ ဓာတုပစ္စည်းတွေနဲ့ပေါင်းစပ်ထုတ်တဲ့အတွက် မိန်းမကိုယ်အတွင်း ထိုးသွင်းဆက်ဆံရာမှာ အသုံးပြုမယ်ဆိုပါကမိန်းမကိုယ် ယားယံတာ သို့မဟုတ် ပိုးဝင်တာတွေကို ဖြစ်စေနိုင်ပါတယ်။

(၃) ကွိုင်တွေကို သိမ်းတဲ့နေရာက အရေးကြီးဆုံးပါ

condoms

Photo : Centre Educatif Bastos

ကွန်ဒုံးတွေကို သိမ်းတဲ့ နေရာကလည်း အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် ကွန်ဒုံးတွေကို အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ အမြဲထားသင့်ပါတယ်။ ပူလွန်း/အေးလွန်းတဲ့ နေရာတွေ ၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေ ဒါမှမဟုတ် စိုထိုင်းဆများတဲ့ နေရာတွေမှာ ကွန်ဒုံးတွေကို သိမ်းဆည်းတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ နောက်ပြီး ပိုက်ဆံအိတ်နဲ့ အိတ်တွေထဲမှာ ထည့်သိမ်းတာကိုလည်း ရှောင်သင့်ပါတယ်။ ဒါတွေက ကွိုင် ရဲ့အာနိသင်ကို ပျက်စီးစေပြီး ရောဂါပိုးနဲ့ ကိုယ်ဝန်ရနိုင်ခြေကို ကာကွယ်ဖို့ အားပျော့သွားနိုင်ပါတယ်။

(၄) Latex ကွိုင်တွေကို ရေအခြေခံ သို့မဟုတ် လီကွန်အခြေခံ ချောဆီနဲ့သုံးပါ

lube with latex condoms

Photo : Promescent

ကွန်ဒုံးနဲ့ ချောဆီကို အတူတူတွဲသုံးတာဟာ အတူနေချိန်မှာ ပွတ်တိုက်မှုကို လျှော့ချပေးပြီး သာယာတဲ့ လိင်မှုခံစားမှု အတွေ့အကြုံကို ရရှိနိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ Latex ကွိုင်တွေနဲ့ တွဲသုံးဖို့ဆိုရင် ရေအခြေခံ သို့မဟုတ် လီကွန်အခြေခံ ချောဆီတွေက အကောင်းဆုံးပါပဲ။ ဆီအခြေခံ ချောဆီတွေကိုတော့ ရှောင်ရပါမယ်။ ၎င်းက ကွန်ဒုံးတွေကို အလွယ်တကူ ကွဲထွက်နိုင်စေတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာစေမှာပါ။

(၅) နောက်တစ်ကြိမ် ပြန်သုံးခြင်းကို လုံးဝရှောင်ကြဉ်ပါ

condoms

Photo : BuzzFeed News

ကွိုင် တွေဟာ Reusable ထုတ်ကုန်တွေ မဟုတ်ပါဘူး။ ကွန်ဒုံးတွေကို တစ်ကြိမ်အသုံးပြုပြီးတိုင်းမှာ အဆိုပါ ကွန်ဒုံးကိုပဲ နောက်ထပ်တစ်ကြိမ် ပြန်သုံးဖို့ ဘယ်တော့မှ စိတ်မကူးပါနဲ့။ နောက်ထပ်တစ်ကြိမ် လိင်ဆက်ဆံမှုပြုတော့မယ်ဆိုရင် ကွန်ဒုံးအသစ်တစ်ခုကို ပြောင်းလဲအသုံးပြုပေးဖို့ အရေးကြီးပါတယ်။ ကျန်းမာပြီး ဘေးကင်းလုံခြုံမှုရှိတဲ့ လိင်ဆက်ဆံမှုဖြစ်စေဖို့ ကွန်ဒုံးကို တစ်ကြိမ်သာ အသုံးပြုသင့်ပြီး အသုံးပြုပြီးတိုင်းမှာလည်း မှန်ကန်တဲ့နည်းလမ်းနဲ့ သေချာစနစ်တကျ စွန့်ပစ်ပေးဖို့ လိုပါတယ်။

Source : Healthshots

Featured Photo : Greatist