လက်သိုင်း ကျင့်တာ တစ်နည်းအားဖြင့် တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကျန်းမာပြီး ဘေးကင်းမှုရှိတဲ့ လိင်မှုဆိုင်ရာ သဘာဝ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အရွယ်ရောက်ပြီးသား အမျိုးသား ၇၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၈ ရာခိုင်နှုန်းဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုပ်ဆောင်လေ့ ရှိကြတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို သင့်တင့်မျှတစွာ လုပ်ဆောင်မယ်ဆိုရင် ကျန်းမာရေး ကောင်းကျိုးတွေ ရှိသလို အလွန်အကျွံ လုပ်ဆောင်တဲ့ အခါမှာတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတာကို သိနားလည်ထားဖို့ လိုပါတယ်။

Acne

Photo : Youth Ki Awaaz

တစ်ကိုယ်ရည် အာသာဖြေတာ များရင် ထိပ်ပြောင်တယ် ၊ မျက်စိမှုန်တယ် ၊ လိင်တံ ကျိုးနိုင်တယ်ဆိုတဲ့ စိတ်ဝင်စားစရာ အယူအဆ များစွာလည်း ရှိနေပြီး ဒီထဲကမှ ကျယ်ကျယ်ပြန့်ပြန် ပြောဖြစ်ကြတဲ့ စကားတစ်ခုကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းက ဝက်ခြံပေါက်ခြင်းကို ဖြစ်စေနိုင်တယ် ဆိုတာပါ။ စာဖတ်သူတွေအနေနဲ့ အရပ်ပြော စကားတွေအရ တစ်ကိုယ်ရည် အာသာဖြေတာများရင် ဝက်ခြံထွက်တယ်လို့ ပြောကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ဝက်ခြံ ပြဿနာဟာ တကယ်ပဲ ဆက်စပ်မှုရှိလား မေးခွန်းထုတ်စရာပါ။

၂၀၀၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတစ်ခုမှာတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဝက်ခြံထွက်ခြင်းနဲ့ တိုက်ရိုက် ဆက်စပ်မှု မရှိဘူးလို့ ဆိုထားပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ဝက်ခြံကြား ဆက်စပ်မှု ရှိတယ်ဆိုတာကို ဖော်ပြထားတဲ့ သိပ္ပံနည်းကျ အထောက်အထား တွေလည်း မရှိပါဘူး။ တကယ်တော့ ဝက်ခြံနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုင်ရာ ဒဏ္ဍာရီဟာ လူပျိုဖော်/အပျိုဖော်ဝင်စ အချိန်နဲ့ ဆက်စပ်ပြီး ဆင်းသက်လာဖွယ်ရှိနေတာ ဖြစ်ပါတယ်။ လူပျိုဖော်ဝင်စ အချိန်တွေမှာ ခန္ဓာကိုယ်ကနေ ဟော်မုန်းအပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်တာ တွေ့ရပါတယ်။

ဒီလို ဟော်မုန်းအတက်အကျကြောင့် ခန္ဓာကိုယ်ကနေ အဆီပိုတွေကို ထွက်စေတာပါ။ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်လိုက်တဲ့ အဆီပိုတွေဟာ ဘက်တီးရီးယားတွေ ၊ အရေပြားဆဲလ်သေတွေနဲ့အတူ စုပုံလာပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့အတွက် ဝက်ခြံကို ဖြစ်စေတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် လူပျိုဖော်ဝင်ချိန်ဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကို စတင်စမ်းသပ်လုပ်ဆောင်တဲ့ ကာလလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ လူပျိုဖော်ဝင်စ အရွယ်မှာ လိင်မှုရေးရာကို စတင်စိတ်ဝင်စားလာပြီး လိင်မှုဆိုင်ရာ ဟော်မုန်းတွေ မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။ ဝက်ခြံနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း နှစ်ခုလုံးဟာ လူပျိုဖော်ဝင်စ ကာလမှာ စတင်တာကြောင့် ဒီနှစ်ခု ဆက်စပ်နေတယ်လို့ လူအချို့က ထင်မြင်ယူဆကြတာ ဖြစ်ပါတယ်။ တကယ် လက်တွေ့မှာတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် ဝက်ခြံ ဖြစ်စေတာ မဟုတ်ပါဘူး။

Acne
Photo : LinkedIn

လက်သိုင်း ကျင့်တာဟာ ဟော်မုန်းပမဏအပေါ် အနည်းငယ် အကျိုးသက်ရောက်မှုရှိနိုင်ပေမယ့် သုက်လွှတ်ပြီးနောက်မှာ ဟော်မုန်း Level ဟာ ပုံမှန်အဆင့်ကို ပြန်ရောက်သွားတဲ့အတွက် ဝက်ခြံ ဖြစ်ဖို့ သေချာပေါက် မလုံလောက်ပါဘူး။ ဝက်ခြံဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု ဆိုင်ရာ အားနည်းခြင်း ၊ အသားအရေ ထိန်းသိမ်းမှု ကောင်းကောင်း မရှိခြင်း ၊ စားသောက်နေထိုင်မှု မှားယွင်းနေခြင်းတွေကြောင့် ဖြစ်နိုင်ခြေ ပိုများပါတယ်။ လူပျိုဖော်ဝင်စ အရွယ်မှာ ဝက်ခြံ ပြဿနာဟာ အဆိုးဆုံး ဖြစ်ပြီး ငယ်ရွယ်သူတွေနဲ့ သက်လတ်ပိုင်း ကာလတွေမှာလည်း အရွယ်မရွေး ဝက်ခြံ ပေါက်နိုင်ပါတယ်။ အချို့ကတော့ မျိုးရိုးဗီဇ ၊ စီးကရက်နဲ့ ဆေးရွက်ကြီး သုံးစွဲခြင်းတို့ ကြောင့်လည်း ဖြစ်နိုင်ပြီး အသားအရေ ထိန်းသိမ်းမှု သေချာလေး လုပ်ဆောင်မယ် ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပြုပြုပြောင်းလဲမယ်ဆိုရင်တော့ ဝက်ခြံပြဿနာဟာ လျော့ပါးသက်သာ နိုင်ပါတယ်။

Source : Pilot

Featured Photo : Formen Health