ဘယ်သူမဆို လစာကောင်းတဲ့ အလုပ်မျိုး လုပ်ချင်ကြတာပါပဲ။ လစာကောင်းပါတယ် ဆိုတဲ့ အလုပ်တွေကလည်း လစာနဲ့ တန်အောင် စိတ်ဖိစီးမှုပေးတဲ့ အလုပ်တွေ များပါတယ်။ ဒါတင်မဟုတ်ဘဲ ကျွမ်းကျင်မှု ၊ ဘွဲ့ နဲ့ လုပ်သက် စတဲ့ အရည်အချင်းတွေလည်း အများကြီး လိုတဲ့ အလုပ်တွေ ဖြစ်တတ်ပါတယ်။ ဒီလို ပြောလို့ လစာကောင်းပြီး ပေါ့ပေါ့ပါးပါးနဲ့ လုပ်နိုင်တဲ့ အလုပ် မရှိဘူးလို့ မထင်လိုက်ပါနဲ့။ တချို့သူတွေဟာ ကျွန်တော်တို့ ထင်တာထက် ဝင်ငွေ လစာ မြင့်မားပြီး စိတ်သိပ်ရှုပ်ခံစရာမလိုတဲ့ အလုပ်တွေမှာ အလုပ်ဝင်နေကြပါတယ်။ ဒီထဲမှာ အခုပြောမယ့် အလုပ်အကိုင် တွေလည်း ပါဝင်နေပါတယ်။

(၁) ဗွီဒီယိုဂိမ်းကစားသူ

video-game-tournament

Photo: 101productivity

အရင်က Video Game ကစားတာကို အလုပ်မဟုတ်ဘူးလို့ အတော်များများ ယူဆခဲ့ကြပါတယ်။ အခုခေတ်မှာတော့ ဂိမ်းကစားတာကိုက အလုပ်တစ်ခု ဖြစ်လာပြီး လူတန်းစေ့ဝင်ငွေဆိုတာထက် အများကြီးကို ငွေဝင်တဲ့ အလုပ်တောင် ဖြစ်နေပါပြီ။ အခုခေတ်လို Mobile Gaming လောက အကြီးအကျယ် ထွန်းကားပြီး တိုးတက်နေချိန်မှာ ဂိမ်းနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်တွေ အများကြီး အလားအလာကောင်းလာပါတယ်။

ဂိမ်းကို ပရော်ဖက်ရှင်တစ်ခုလို ကစားနေတဲ့ Pro Gamer တစ်ယောက်ကနေ ဂိမ်းကစားရ ဝါသနာကြီးပြီး ဂိမ်းအသစ်အဆန်းတွေကို ကစားပေးရုံနဲ့ ပိုက်ဆံရနေတဲ့ Video Game Tester တွေအထိ အလုပ်အကိုင်ကောင်းတွေ ရကြပါတယ်။ Video Game Tester တစ်ယောက်အဖို့တော့ ဂိမ်းကစားရတာကို တကယ်နှစ်သက်စွဲလမ်းဖို့ လိုပါတယ်။ တစ်ရက်ကို နာရီပေါင်းများစွာ ကစားရတာ ဖြစ်လို့ Passion မရှိရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ဝါသနာပါရင်တော့ အသစ်ထွက် ဂိမ်းတွေ ဈေးကွက်ထဲ မဖြန့်ခင်မှာ ကစားရင်းနဲ့ ပိုက်ဆံလည်းရ စိတ်လည်းချမ်းသာ ၊ အဆင်ကို ပြောနေတော့တာပါပဲ။ ပရော်ဖက်ရှင်နယ် Video Gamer တစ်ယောက်ဆိုရင်တော့ တချို့တွေ တစ်နာရီ ဒေါ်လာ ၁၅၀၀၀ ( မြန်မာငွေ သိန်း၂၇၀ ကျော်) အထိ ဝင်နေတယ်လို့ The Hollywood Reporter က ဖော်ပြပါတယ်။

(၂) Professional Sleeper

Professional Sleeper

Photo: 101productivity

ဒီအလုပ်မျိုးက တော်ရုံတန်ရုံ ကြားဖူးမယ်တောင် မထင်ပါဘူး။ Professional Sleeper ဆိုတာ တကယ်တော့ အိပ်ခ ရတဲ့ ပုဂ္ဂိုလ်တွေပါ။ တိုးတက်တဲ့ နိုင်ငံကြီးတွေက သိပ္ပံသုတေသနတွေမှာ ခေါ်သုံးတတ်ကြပါတယ်။ အထူးသဖြင့် အိပ်စက်မှုနဲ့ ဆက်စပ်တဲ့ ထုတ်ကုန်အမျိုးမျိုးရဲ့ အရည်အသွေးကို အကဲဖြတ်ဖို့ ၊ အိပ်စက်မှု Patterns တွေကို ဆန်းစစ်လေ့လာဖို့ Professional Sleeper တွေကို ငှားရမ်းလေ့ရှိပါတယ်။

Salary,com ဝက်ဘ်ဆိုက်အရဆို အမေရိကန်မှာ တစ်နာရီ ပျမ်းမျှ ၁၆ ဒေါ်လာနှုန်းရတဲ့ အလုပ်ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကဆို တန်ဖိုးနည်း ဟိုတယ်လုပ်ငန်းစု Travelodge ဟာ Wayne Munnelly ကို Director of Sleep ရာထူးနဲ့ အလုပ်ခန့်ခဲ့ပါတယ်။ သူက Travelodge Hotel Chain အောက်က အခန်းပေါင်း ၁၇၀၀၀ မှာ လိုက်အိပ်ဖို့ လစာပေါင် ၆ သောင်း (မြန်မာငွေနဲ့ ဆို ကျပ်သိန်း ၁၅၀၀ နီးပါး) အထိ လစာပေးထားတာပါ။

မန်ချက်စတာမြို့က Roisin Madigan ဆိုတဲ့ ကျောင်းသားတစ်ယောက်ဆို တန်ဖိုးကြီး Designer Beds အိပ်ရာတွေနဲ့ အိပ်ရင်း တစ်လကို ပေါင် ၁၀၀၀ (မြန်မာငွေ ၂၄ သိန်းခန့် ) ဝင်နေတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် Professional Sleeper တွေဟာ အိပ်ရာခင်း နဲ့ အိပ်ရာ ခေါင်းအုံး ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး အိပ်တဲ့ နာရီအလိုက် ပိုက်ဆံရတာ ဖြစ်ပါတယ်။ အိပ်ရေးမင်တဲ့ ဘော်ဒါတွေအတွက်တော့ အဲ့ဒီလို ဈေးကွက်မျိုး ဒီမှာ ပေါ်လာပါစေလို့ပဲ ဆုတောင်းရမှာပါ။

(၃) Beer Tester

Beer Tester

Photo: 101productivity

ယမကာချစ်တဲ့ ယောကျာ်းလေးတွေ စိတ်ကူးယဉ်လေ့ရှိကြတဲ့ အလုပ်အကိုင်တွေထဲမှာ ဘီယာအရသာ မြည်းစမ်းတဲ့ Beer Taster / Tester တို့ ဝိုင်အရသာခံတဲ့ Wine Taster အလုပ်တို့က ထိပ်ဆုံးက ပါနိုင်ပါတယ်။ နောက်ထပ် ပိုပြီး ရင်ခုန်စရာကောင်းတာက ပရော်ဖက်ရှင်နယ် Beer Taster တစ်ယောက် ဖြစ်လာဖို့ ဘွဲ့လက်မှတ်တွေ Skills တွေ မလိုပါဘူး။ Beer နဲ့ Ale တွေရဲ့ အရသာကို ကြိုက်တတ်ဖို့ပဲ လိုပါတယ်။ ထက်မြက်တဲ့ လျှာတစ်ချောင်းနဲ့ လုပ်စားရတဲ့ အလုပ်အကိုင်ပါပဲ။

အမေရိကန်ပြည်ထောင်စုမှာ Beer Taster တစ်ယောက်ရဲ့ ပျမ်းမျှ တစ်နှစ်လစာဟာ ဒေါ်လာ ၄၅၀၀၀ (မြန်မာငွေ သိန်း ၈၅၀ လောက်) အထိ ရပါတယ်။ Wine Taster တစ်ယောက်ဆို ပျမ်းမျှ တစ်နှစ် ဒေါ်လာ ၅၆၉၀၀ (မြန်မာငွေ သိန်း ၁၁၀၀ ခန့်) ကနေ အမြင့်ဆုံး တစ်နှစ် ဒေါ်လာ ၁၄၁၀၀၀ (မြန်မာငွေ သိန်း ၂၆၀၀ ခန့်) အထိ ဝင်တယ်လို့ Salary.com ဝက်ဘ်ဆိုက် ဖော်ပြထားပါတယ်။

(၄) ဈေးဝယ်ယောင် ဆောင်သူ

Mystery Shopper

Photo: 101productivity

တကယ်ဈေးဝယ်သူမဟုတ်ဘဲ ဆိုင်ရဲ့ သန့်ရှင်းမှု ၊ ဖောက်သည်ဝန်ဆောင်မှု နဲ့ ဝန်ထမ်းဆက်ဆံရေးတွေကို သိရဖို့ တခြားသူပိုက်ဆံနဲ့ ဈေးဝယ်ထွက်ပြီး အကဲလာခတ်ရတဲ့ အလုပ်ပါ။ ဒီအလုပ်ကလည်း အတော်လေး စားသာတယ်လို့ ပြောရပါမယ်။ တစ်နှစ်ကို ဒေါ်လာ ၄၃၀၀၀ ဝန်းကျင်ကနေ ဆရာကြီး ဖြစ်သွားရင် ဒေါ်လာ ၁၂၇၀၀၀ အထိ ဝင်တယ်လို့ ဆိုပါတယ်။

(၅) ပရော်ဖက်ရှင်နယ် ပွေ့ဖက်သူ

Professional Hugger

Photo: 101productivity

ဒီအလုပ်က ကိုဗစ်ကာလနဲ့တော့ အဆင်ပြေမယ် မထင်ပါဘူး။ အလုပ်ကိုက ဝမ်းနည်းပြီး အထီးကျန်နေသူကို ပွေ့ဖက် နှစ်သိမ့်ရတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထွေးပွေ့ထားရင် စိတ်သောကတွေ သက်သာပြီး စိတ်ဓါတ်ကျဆင်းမှာ လျော့ပါးစေတယ်လို့ လက်ခံထားကြတာပါ။ အထီးကျန်မှုတွေ မြင့်တက်လာတဲ့ လူ့အဖွဲ့အစည်းကြီးမှာ Professional Hugger တွေရဲ့ အလုပ်ကလည်း အတော်လေး အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်နာရီကို ပျမ်းမျှ ဒေါ်လာ ၄၀ ကနေ ၈၀ အထိ ရကြပြီး သဘောကျရင် ဘောက်ဆူးပါ ရတဲ့ အလုပ် ဖြစ်ပါတယ်။

Featured Photo: vancouverisawesome