လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှု လျော့ကျနေတယ် ၊ လိင်စိတ်ဆန္ဒ Sex Drive ကျဆင်းနေတယ်ဆိုရင်တော့ ဒီအခြေအနေကို ပြန်လည်ကုစားနိုင်မယ့် ဗီတာမင် ဓာတ်တစ်မျိုး ရှိပါတယ်။ ဒါကတော့ စာရေးသူတို့ ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးသော ဗီတာမင်တွေထဲက တစ်ခုဖြစ်တဲ့ ဗီတာမင်B12 ပါ။ ဗီတာမင်B12 ဓာတ်ချို့တဲ့အခါ ခန္ဓာကိုယ်ဟာ မရွှင်မလန်းနဲ့ အလွယ်တကူ အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး စိတ်ခံစားချက် အတက်အကျနဲ့အတူ လိင်စိတ်ဆန္ဒ ကျဆင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Sex Drive ကျနေတယ်ဆိုရင် ဗီတာမင်B12 ရတဲ့ အစားအသောက်တွေ ၊ ဖြည့်စွက်စာတွေကို ဖိစားပေးသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဗီတာမင်B12 ဓာတ်က လိင်စိတ်ဆန္ဒနဲ့ လိင်မှုဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေလဲဆိုတာ ပြောပြပေးပါမယ်။
Photo : Bird&Be
စွမ်းအင်မြှင့်တင်ပေးတယ် – ဗီတာမင်B12 ဟာ ခန္ဓာကိုယ်တွင်း Energy ထုတ်လုပ်မှုအတွက် အဓိက အရေးပါဆုံး ဓာတ်တစ်မျိုးပါပဲ။ စိတ်ရောလူပါ လန်းဆန်းတက်ကြွမှုကို မြင့်တင်ပေးပြီး လိင်မှုကိစ္စအပေါ်လည်း စိတ်အားထက်သန်မှု တိုးစေဖို့ ပံ့ပိုးပေးပါတယ်။
စိတ်ခံစားချက်ကို မြှင့်တင်ပေးတယ် – စိတ်ခံစားမှုတွေ ကောင်းမွန်နေဖို့ဆိုရင် ဗီတာမင်B12 ဓာတ်ကို လုံလုံလောက်လောက် ဖြည့်တင်းပေးဖို့ လိုပါမယ်။ ဗီတာမင်B12 က အဓိကအားဖြင့် Serotonin နဲ့ Dopamine ထုတ်လုပ်မှုကို ထောက်ပံ့ပေးတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ပိုကောင်းစေပြီး လိင်စိတ်ဆန္ဒ တက်ကြွမှုအပြည့်နဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှု ရှိစေပါတယ်။
သွေးလည်ပတ်မှု အားကောင်းစေတယ် – ဗီတာမင် B12 က ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ ကျန်းမာတဲ့ သွေးဖြူဥ ပမဏကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာတာနဲ့အမျှ လိင်စိတ်နိုးကြားမှုနဲ့ လိင်တံထောင်မတ်နိုင်စွမ်းကို တက်စေပြီး အိပ်ရာထဲမှာ ကောင်းမွန်တဲ့ လိင်မှု စွမ်းဆောင်ဆောင်ရည်ကို ပြသနိုင်စေမှာ ဖြစ်ပါတယ်။
ဟော်မုန်းညီမျှစေတယ် – ဗီတာမင်B12 ဓာတ် လုံလုံလောက်လောက် ပြည့်တင်းအောင် မှီဝဲပေးတာဟာ လိင်စိတ်ဆန္ဒအပေါ် သက်ရောက်မှုရှိတဲ့ ဟော်မုန်းမျှတမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။ လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွဖို့ အဓိက အရေးပါတဲ့ Testosterone နဲ့ Estrogen ကဲ့သို့ ဟော်မုန်းတွေကို မြှင့်တင်ပေးပြီး ကျန်းမာတဲ့ လိင်မှုဘဝကို ထိန်းသိမ်းပေးမှာပဲ ဖြစ်ပါတယ်။
စိတ်ဖိစီးမှု လျော့ပါးစေတယ် – ဗီတာမင် B12 ဓာတ်ဟာ စိတ်ခံစားမှုနဲ့ စွမ်းအင်ပမာဏကို မြှင့်တင်ပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကို ဟန့်တားလေ့ရှိတဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ ၊ စိုးရိမ်ပူပန်မှုတွေ ကင်းဝေးပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပိုမိုရရှိစေတဲ့အတွက် ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
Photo : Marion Gluck Clinic
ဗီတာမင်B12 ဓာတ်ကို အမဲသား ၊ ဝက်သား ၊ ကြက်သားနဲ့ ဥအမျိုးမျိုးစတဲ့ အစားအစာတွေမှာ အများဆုံးရနိုင်ပြီး ဆော်လမွန် ၊ တူနာတို့လို ပင်လယ်ငါးတွေနဲ့ နို့ ၊ ဒိန်ချဉ် ၊ ဒိန်ခဲ တို့လို နို့ထွက်ပစ္စည်းတွေကနေလည်း ရနိုင်ပါတယ်။ အလားတူ ဗာဒံစေ့ ၊ ပဲနို့နဲ့ Oat နို့ ကဲ့သို့ အစားအစာတွေဟာလည်း ဗီတာမင်B12 ဓာတ် ပေါပေါများများ ရနိုင်တဲ့ အစားအစားတွေပဲ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Daily Express