ကမ္ဘာပေါ်မှာ ခမ်းနားလှပတဲ့ နေရာတွေလည်း အများကြီးရှိသလို ထူးခြားဆန်းပြားပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ နေရာတွေလည်း အများအပြားရှိပါတယ်။ ကွီးတို့သာ လိပ်ပြာ မ လွှင့် ချင်ဘူးဆိုရင်တော့ ကြောက်မက် ခြောက်ခြားဖွယ်ရာကောင်းတဲ့ နေရာ တွေကို မသွားတာ အကောင်းဆုံးပါပဲ။
ကွီးတို့အနေနဲ့ နိုင်ငံတစ်နိုင်ငံကို ရောက်သွားတဲ့ သူတို့ သက်ဆိုင်ရာ နိုင်ငံရဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ နေရာတွေကို မသွားမိဖို့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။
ဘိုလီးဗီးယားရှိ North Yungas လမ်း (သို့) သေဆုံးခြင်း လမ်း
ဒီလမ်းကဆိုရင် အမေဇုန် တောအုပ်ကြီးကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အကျယ်အားဖြင့် ၁၂ ပေသာ ကျယ်တဲ့အပြင် အမြင့်တွေ အကွေ့အကောက် တွေကလည်း ခန့်မှန်းရ ခက်ပါတယ်။ မိုးရွာတဲ့နေ့တွေ မြူဆိုင်းတဲ့ နေ့တွေဆိုရင် ဘာဆို ဘာမှကို မမြင်ရတာပါ။ ဒီလမ်းကို ဘာ့ကြောင့် သေဆုံးခြင်း လမ်းလို့ အမည် ပေးထားသလဲဆိုရင် နှစ်စဥ် လူပေါင်း ၂၀၀ ကနေ ၃၀၀ အထိ သေဆုံးမှုတွေ ရှိကြလို့ပဲ ဖြစ်ပါတယ်။ ဒါတောင်မှ စွန့်စွန့်စားစား ခရီးသွားရတာကို ကြိုက်ကြတဲ့ တောင်တက် စက်ဘီးစီးသမားများကတော့ စွန့်စားခန်း ဖွင့်နေကြဆဲပါပဲ။
ဂျပန်နိုင်ငံရှိ နာဂိုရို
နာဂိုရိုကတော့ သေးငယ်တဲ့ ရွာငယ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုရွာလေးမှာ လူသားတွေထက် လူသားအရွယ်ရှိတဲ့ အရုပ်တွေက ပိုများပါတယ်။ ထိုလူသားအရွယ်ရှိတဲ့ အရုပ်တွေက ဘယ်လိုဖြစ်ပေါ်လာလဲဆိုရင် ရွာသားတစ်ယောက်ဖြစ်တဲ့ Tsukimi Ayano ဆိုသူက သူ့ရဲ့ အိမ်နီးချင်းဖြစ်သူ သေဆုံးသွားရင်ပဲဖြစ်ဖြစ် (သို့) အခြားတစ်နေရာသို့ ပြောင်းရွေ့သွားရင်ပဲဖြစ်ဖြစ် ပုံတူအရုပ် ပြုလုပ်လေ့ ရှိပါတယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းနဲ့ ရွာထဲမှာ လူသားအရုပ် ၃၅၀ လောက် ရှိလာပြီး အသက်ရှင်နေတဲ့ လူသားတွေကတော့ ၂၇ ယောက်လောက်သာ ရှိပါတယ်။ တကယ့်ကို ကျောချမ်းစရာကောင်းတဲ့ ရွာတစ်ရွာပါပဲ။ ကွီးတို့လည်း ဂျပန်ကို သွားလည်ဖြစ်တဲ့အခါ ဒီရွာငယ်ဆီသို့ ခြေဦးတောင် မလှည့်မိစေနဲ့ဗျို့။
ပန်ဆယ်ဗေးနီးယားရှိ Centralia မြို့
၁၈၀၀ နှောင်းပိုင်းနဲ့ ၁၉၆၀ ပြည့်နှစ်အတွင်း ဒီမြို့လေးသည် ကျောက်မီးသွေးမိုင်းများကြောင့် ကျိကျိတက် ချမ်းသာတဲ့ မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။ ကံမကောင်းချင်တော့ ၁၉၆၂ ခုနှစ်မှာ မြေအောက်တွင်းရှိ မိုင်းများထဲတွင် မီးစွဲလောင်မှုများ ဖြစ်လာပြီး တစ်နေရာနဲ့ တစ်နေရာ ကူးစက်သွားပါတော့တယ်။ စစချင်းမှာတော့ ဘာပြဿနာမှာ မရှိပေမယ့် ၁၉၇၉ ခုနှစ်ကျတော့ ဂတ်စ်ပိုက်လိုင်း ပိုင်ရှင်တစ်ဦးက သူ့ရဲ့ ပိုက်လိုင်းမှာ အပူချိန် မမှန်တာတွေ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ၁၉၈၁ ခုနှစ်မှာ ကောင်ကလေးတစ်ယောက်သည် သူ့ရဲ့ အိမ်ခြံဝင်း အနောက်ပိုင်းမှာရှိတဲ့ အမြင့်ပေ ၁၅၀ လောက်ထိ နက်တဲ့ မြေကြီးထဲသို့ ကျွံကျသွားပါတယ်။ ထိုဖြစ်ရပ်များကြောင့် ထိုမြို့ထဲတွင် လူနေထိုင်မှုများလည်း မရှိတော့ပါဘူး။ သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်အရ ဒီလို မြေအောက်တွင်း မီးလောင်ကျွမ်းမှုသည် နှစ်ပေါင်း ၂၅၀ အထိ ကြာမြင့်မှာဖြစ်ကြောင်း ခန့်မှန်း ပြောကြားထားပါတယ်။
ဂျာမနီနိုင်ငံရှိ Beelitz-Heilstatten ဆေးရုံဟောင်းကြီး
ဒီဆေးရုံကြီးကို ၁၈၉၈ ခုနှစ်နဲ့ ၁၉၃၀ ခုနှစ်များတွင် အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်တုန်းက ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်သားများ အပါအဝင် ဟစ်တလာကိုယ်တိုင်လည်း တက်ရောက်ခဲ့တဲ့ ဆေးရုံတစ်ခုပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ကျပြန်တော့ နာဇီစစ်သားများအတွက် ဆေးကုသမှု စင်တာအဖြစ် ပြောင်းလဲပစ်ခဲ့ ပြန်ပါတယ်။ ယနေ့ခေတ်မှာတော့ အချို့သော ဆေးရုံဝင်းများကို အာရုံကြော ပြန်လည်သန်စွမ်းကျန်းမာရေး စင်တာအဖြစ် အသုံးပြုနေပေမယ့် အဓိက ဆေးရုံဝင်းကိုတော့ အသုံးမပြုဘဲ စွန့်ပစ်ထားပါတယ်။ ဘာ့ကြောင့် အသုံးမပြုဘဲ စွန့်ပစ်ထားသလဲ ဆိုတာကတော့ ပဟေဠိတစ်ခုလိုပါပဲ။
ကွီးတို့သာ သက်ဆိုင်ရာ နိုင်ငံဆီသို့ သွားရောက်လည်ပတ်တဲ့အခါ အခုဖော်ပြသွားတဲ့ နေရာများကို သွားမလည်မိပါစေနဲ့။ တားမရဘူး။ လိပ်ပြာ လွှင့် သွားတာမျိုးကိုမှ လိုချင်ရင်တော့လည်း ဒီ နေရာ တွေဆီသို့ တကူးတက သွားလည်ကြည့်ပေါ့။
Source: Cntraveler
Featured Image: Travelwanderlust.co