စနေ့နေ့ညက လီဗာပူး နဲ့ ဝက်စ်ဟမ်း အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ပထမပိုင်း ပွဲကစားချိန်အတွင်း အန်ဖီးလ် ကွင်းပေါ်မှာ ကြီးမားတဲ့ ‘CATS LIVES MATTER’ ဆိုတဲ့ စာတန်း ချိတ်ဆွဲထားတဲ့ လေယာဉ် တစ်စင်း ပျံသန်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။

Photo : The Telegraph
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဝက်စ်ဟမ်း နောက်ခံကစားသမား ကတ် ဇူးမားက သူရဲ့ အိမ်မွေးကြောင်လေးကို ရိုက်နှက်ကန်ကြောက်ပြီး နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူရဲ အစ်ကိုဖြစ်သူ ယိုအန်က Snapchat မှာ တင်ခဲ့ပြီးတဲ့နောက် လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အဲ့ဒီ ပြင်သစ်နောက်ခံလူရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမယ့် နာရီပိုင်းအကြာမှာတော့ ၎င်းဗဟိုခံစစ်မှူးဟာ ဝက်ဖို့ဒ်အသင်းပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

Photo : The Sun
ဝက်စ်ဟမ်း အသင်းအတွက် ပွဲစဉ်တော်တော်များများမှာ ပွဲထွက်ကစားခွင့်ရနေတဲ့ ဇူးမားဟာ ပြီးခဲ့တဲ့လက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပြိုင်ဘက်အသင်း ပရိသတ်တွေဟာ လိမ္မော်ရောင် လေထိုးကြောင်ရုပ်တွေကို ကိုင်ဆောင်ပြီး ဝက်စ်ဟမ်း အသင်း နောက်ခံလူ ဇူးမားကို လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ် ဖြစ်ပြီး ၃ ပတ်အကြာမှာ နည်းပြ ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းနဲ့ ဝက်စ်ဟမ်း အသင်းတို့ ယှဉ်ကစားနေတဲ့ ပွဲစဉ်အတွင်း ကြီးမားတဲ့ ‘CATS LIVES MATTER’ ဆိုတဲ့ စာတန်းပါ ဘန်နာတစ်ခု ချိတ်ဆွဲထားတဲ့ လေယာဉ် တစ်စင်း ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဇူးမားကို လှောင်ပြောင်ဖို့အတွက် လေယာဉ် ငှားပြီး အန်ဖီးလ် ကွင်းပေါ်ကနေ ပျံသန်းဖို့ တစ်စုံတစ်ယောက်က ငှားခဲ့ဟန် တူပါတယ်။ အဆိုပါ အန်ဖီးလ်ကွင်းပေါ်မှာ ပျံသန်းခဲ့တဲ့ လေယာဉ် ရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ ချက်ချင်းဆိုသလို ပြန့်နှံ့ သွားခဲ့တာ ဖြစ်ပါတယ်။
ဇူးမားရဲ့ ကြောင်တွေကို ထိန်းသိမ်းခဲ့တဲ့ RSPCA ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အသက် ၂၇ နှစ်အရွယ် ပြင်သစ်သားရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ” ဒါဟာ အလွန်စိတ်မကောင်းစရာ ဗီဒီယိုတစ်ခုပါပဲ ၊ တိရစ္ဆာန်တွေကို ကန်တာ ၊ ရိုက်နှက်တာ ၊ အခြားတနည်းနည်းနဲ့ ညှင်းပန်းနှိပ်စက်တာတွေဟာ ဘယ်တော့မှ လက်ခံနိုင်စရာ မရှိပါဘူး ”
” ကျွန်တော်တို့ကို ဒုက္ခကြုံတွေ့နေရတဲ့ တိရိစ္ဆာန်လေးတွေအကြောင်း သတင်းပေးပို့ခဲ့ကြသူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ် ၊ ကျွန်တော်တို့လည်း အမြဲတမ်းစောင့်ကြည့် စစ်ဆေးနေပြီး လိုအပ်ပါက တိရစ္ဆာန်လေးတွေရဲ့ သက်သာချောင်ချိရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ထံတိုင်ကြားထားတဲ့ ဘယ်လို တိုင်ကြားမှုများကိုမဆို စုံစမ်းစစ်ဆေးဖို့ အသင့်ရှိနေပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောခဲ့ပါတယ်။
Featured Photo : Daily Mail

