အရွယ်ရောက်ပြီးသား လူတွေအတွက် အပြာကားခေါ် လူကြီးရုပ်ရှင်တွေ ကြည့်တာဟာ သိပ်တော့မဆန်းလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါဟာ လိင်မှုဘဝအတွက် တစ်စိတ်တစ်ပိုင်းအရေးပါတဲ့ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ သို့သော်လည်း ဒါမှဒါ မကြည့်ရမနေနိုင် ဖြစ်နေတယ် ၊ စွဲလမ်းတဲ့အဆင့်ကို ရောက်နေပြီဆိုရင်တော့ အန္တရာယ်ရှိလာပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ လူကြီးကား မကြည့်ရမနေနိုင် စွဲလမ်းတာဟာ တစ်နေ့တာ အလုပ်တွေအပေါ်မှာပါ ဆိုးကျိုးသက်ရောက်လာစေနိုင်သလို မိသားစု ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ တစ်ကိုယ်ရည်ဘဝအပေါ်ပါ စတင်ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နေ့တိုင်းလိုလို လူကြီးကားတွေ မကြည့်ရမနေနိုင် ဖြစ်နေတဲ့ ကွီးတို့အတွက် ဒီအလေ့အကျင့်ဆိုးကြီးကို ဖျောက်ဖျက်နိုင်မယ့် အကြံပြုချက်လေးတွေ ပြောပြပေးချင်ပါတယ်။

(၁) အကြောင်းပြချက်တစ်ခုခု ချရေးထားပါ

man writing down

Photo : Browser London

လူကြီးကားတွေ ကြည့်တဲ့အကျင့်ကို စွန့်လွှတ်ဖို့အတွက် သင့်မှာ ခိုင်မာတဲ့ အကြောင်းပြချက် တစ်ခုခုတော့ ရှိဖို့လိုပါမယ်။ ဒီလို လူကြီးကားတွေ စွဲစွဲလမ်းလမ်း ကြည့်နေမိတာက သင့်ရဲ့နေ့စဉ်ဘဝမှာ ဘာတွေထိခိုက်လာသလဲ ဥပမာ လူမှုဆက်ဆံရေးအပေါ် ထိခိုက်စေသလား ၊ အလုပ်တာဝန်တွေ ပျက်ကွက်နေရလား ၊ ချစ်သူနဲ့ဆက်ဆံရေး အဆင်မပြေဖြစ်လာစေလား စသည်ဖြင့် လက်တွေ့ဘဝအပေါ် ထိခိုက်နစ်နာလာစေတဲ့ အကြောင်းပြချက်တစ်ခုခုကို ရှာပြီး ဒီအကျင့်ဆိုးကို ဖျောက်ဖျက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတိပေးသင့်ပါတယ်။

(၂) စွဲလမ်းမှုရဲ့ အစကို ပြန်ရှာပါ

Photo : Addiction Center

တစ်စုံတစ်ခုကို စွဲလမ်းလာတဲ့အခါ စွဲလမ်းမှုကို အစကို ပြန်သွားတာဟာ အဲ့ဒီစွဲလမ်းမှုကို ရပ်တန့်ဖို့အတွက် လမ်းစတစ်ခုပါပဲ။ ညစ်ညမ်းရုပ်ရှင် လူကြီးကားတွေ စွဲလမ်းရခြင်းမှာလည်း ထို့နည်းတူစွာ ဖြေရှင်းလို့ ရပါတယ်။ ဘယ်အရာတွေက သင့်ကို ညစ်ညမ်းရုပ်ရှင်ကြည့်ဖြစ်ဖို့ တွန်းအားပေးလဲဆိုတာ ပြန်သုံးသပ်ပါ။ ဒီလိုဖြစ်စေတဲ့ ဓာတ်ပုံ ၊ ဝက်ဆိုက် ၊ ချယ်နယ် ၊ ရုပ်ရှင် ၊ သီချင်း ၊ ဒါမှမဟုတ် လူပုဂ္ဂိုလ် စသည်ဖြင့် စွဲလမ်းမှုကို စတင်ဖြစ်ပေါ်လာစေတဲ့ အစပျိုးမှုတစ်ခုခုနဲ့ ထိတွေ့ဆက်ဆံနေမိတဲ့ အခြေအနေတွေနဲ့ ဝေးဝေးနေဖို့ လိုပါတယ်။ အကယ်၍ ကြည့်ချင်စိတ် ဖြစ်လာပါကလည်း သင့်ကိုသင် အာရုံလွှဲမိဖို့ အသက်ရှု လေ့ကျင့်ခန်းလုပ်တာ ၊ ကိန်းဂဏန်းရေတွက်တာ ၊ ဟိုနားဒီနား လမ်းလျှောက်ထွက်တာ စတဲ့ လှုပ်ရှားမှုတစ်ခုခု လုပ်ပေးသင့်ပါတယ်။

(၃) နည်းပညာကို အသုံးချပါ

porn blocker

Photo : Eyezy

သင့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပြူတာတွေထဲမှာ လူကြီးရုပ်ရှင်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ ၊ ဝက်ဆိုဒ်လင့်တွေကို ပိတ်ဆို့တားဆီးပေးမယ့် ခေတ်ပေါ်နည်းပညာ အက်ပ်တွေ အများကြီး ရှိနေပါပြီ။ ဒီလို နည်းပညာရဲ့ အကူအညီနဲ့ သင့်ဖုန်း ၊ ကွန်ပြူတာကနေ တဆင့် ဝက်ဆိုဒ်တွေ ၊ ချယ်နယ်တွေ ၊ အက်ပ်တွေထဲကို ဝင်ရောက်ကြည့်လို့မရအောင် တားဆီးပေးထားမယ့် Porn Blocker အက်ပ်တွေကို အသုံးပြုခြင်းဖြင့် လူကြီးကားတွေ စွဲလမ်းမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပါတယ်။

(၄) ဝါသနာတစ်ခုခုနဲ့ အစားထိုးပါ

men playing guitar

Photo : Music Therapy & Wellness Hub

လူကြီးကားတွေ ကြည့်ပြီး ကုန်သွားမယ့် အချိန်တွေနေရာမှာ အကျိုးလည်းရှိ ၊ အချိန်ကုန်ရကျိုးလည်းနပ်စေမယ့် ဝါသနာလေးတွေနဲ့ အစားထိုးနိုင်ပါတယ်။ ပန်းချီဆွဲတာ ၊ စာအုပ်ဖတ်တာ ၊ တူရိယာနည်းခတ်တာ ၊ ဘာသာစကားလေ့လာတာ စသည်ဖြင့် ညစ်ညမ်းရုပ်ရှင်တွေ ကြည့်တာက လွဲပြီး သင်ဝါသနာပါတဲ့ ဘယ်အရာမဆို စမ်းသပ်လုပ်ဆောင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၅) ရင်ဖွင့်တိုင်ပင် အကူအညီ ရယူပါ

Men talking

Photo : Medium

လူကြီးကားတွေ မကြည့်ရမနေနိုင် ဖြစ်နေတယ်ဆိုတာဟာ တကယ်တော့ ရှက်စရာမဟုတ်ပါဘူး။ ဒီစွဲလမ်းမှုကြီးကနေ ရုန်းထွက်ဖို့အတွက် သင်လမ်းစရှာမရ ဖြစ်နေတယ်ဆိုရင် ရွယ်တူသူငယ်ချင်း အပေါင်းအသင်းတွေ ဒါမှမဟုတ် နားလည်တက်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရင်ဖွင့်တာ ၊ အကြံဉာဏ်တောင်းတာတွေ လုပ်နိုင်ပါတယ်။

Featured Photo : LDPlayer