အသက်ရှည်ရှည် လူတိုင်းနေချင်ကြပါတယ်။ အသက်ရှည်ဖို့အတွက်ဆို အဓိကစောင့်ရှောက်ရမှာကတော့ ကိုယ့်ရဲ့ကျန်းမာရေးပါပဲ။ ကောင်းမွန်တဲ့ ကျန်းမာရေးကို ထိန်းသိမ်းပြီး တက်နိုင်သမျှ ကျန်းမာအောင်နေထိုင်မယ်ဆိုရင် အနည်းဆုံးတော့ လူ့သက်တမ်းစေ့ နေထိုင်နိုင်ဖို့ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အသက်ရှည်ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကွီးတို့ အမြဲလိုက်နာကျင့်သုံးရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုနည်းအောင်နေပါ

Stress

Photo : Kentucky Counseling Center

စိတ်ရဲ့ကျန်းမာခြင်းဟာ အရေးကြီးဆုံးပါပဲ။ စိတ်မလန်းရင် လူပါနွမ်းပါတယ်။ ဒါကြောင့်မလို့ ကိုယ့်ကို စိတ်ဖိစီးစေမယ့် အရာတွေနဲ့ တက်နိုင်သမျှ ကင်းအောင်နေထိုင်ကြည့်ပါ။ စိတ်ဖိစီးမှုတွေကအနည်းနဲ့အများ ရှိတက်တာသဘာဝဖြစ်တာကြောင့် ဖြစ်နိုင်ရင် စိတ်ခံစားမှုတွေကို မလွန်ကဲအောင် ထိန်းချုပ်နေထိုင်သင့်ပါတယ်။ နေ့စဉ်ပုံမှန် ယောဂကျင့်တာ ၊ တရားထိုင်တာ စတဲ့အလေ့အကျင့်တွေကိုလည်း နာရီဝက်လောက် လုပ်ပေးပါ။ စိတ်ဖိစီးမှုနည်းပြီး ကျန်းမာတက်ကြွတဲ့ နေ့သစ်တွေကို ရပါလိမ့်မယ်။

(၂) လှုပ်လှုပ်ရှားရှားနေပါ

man stretching

Photo : K. Mathew Warnock, MD

ခန္ဓာကိုယ်ဟာ အင်ဂျင်တစ်လုံးနဲ့ တူပါတယ်။ အမြဲတမ်း လှူပ်ရှားလည်ပတ်ပေးနေမှ ချို့ယွင်းမှုတွေ နည်းသထက် နည်းမှာပါ။ အထိုင်များတာ ၊ လှုပ်ရှားမှုနည်းတာတွေဟာ လူကို နေမထိထိုင်မသာ အီလည်လည် ခံစားချက်ကိုပေးပါတယ်။ တစ်ရက်ကို အနည်းဆုံး မိနစ် ၂၀ – နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်လက်ကြံ့ခိုင်စေပြီး စိတ်ပါလန်းဆန်းစေမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ရင်တောင် လမ်းများများလျှောက်ပေးပါ။ အကြောလျှော့တာ ၊ နာရီဝက်တစ်ခါ ဟိုဟိုဒီဒီ လမ်းလျှောက်တာတွေ လုပ်ပေးဖို့ လိုပါတယ်။

(၃) ဆေးလိပ်ဖြတ်ပါ

 stop smoking

Photo : DIY E Liquids

ကမ္ဘာပေါ်မှာ အသက်သေဆုံးရတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေထဲမှာ ဆေးလိပ်က တစ်ခုအပါအဝင်ပါ။ ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ပင်မကိုယ်အင်္ဂါအစိတ်အပိုင်းတွေအားလုံးနီးပါးကို ထိခိုက်ပျက်စီးစေပါတယ်။ သတင်းကောင်းကတော့ ဆေးလိပ်ဖြတ်လိုက်တာနဲ့ ဆေးလိပ်ကြောင့်ပျက်စီးသွားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပြန်လည်ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ အသက်တိုပြီး ရောဂါထူပြောစေတဲ့ ဆေးလိပ်တွေကို အချိန်မှီဖြတ်ကာ ကျန်းမာအသက်အရှည်တဲ့ ဘဝကို ဒီနေ့ပဲစတင်လိုက်ပါ။

(၄) ရေများများသောက်ပါ

drinking water

Photo : Mayo Clinic News Network

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ၆၀ ရာခိုင်နှုန်းခန့်ဟာ ရေဓါတ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ရေများများသောက်သုံးခြင်းက ကိုယ်တွင်းအင်္ဂါတွေရဲ့ အလုပ်လုပ်မှုစနစ်ကို ကောင်းမွန်စေပြီး စိတ်ရောကိုယ်ပါ ကြည်လင် လန်းဆန်းမှုတွေကို ပေးစွမ်းပါတယ်။ ရေဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ သက်စောင့်ဓာတ်တစ်မျိုးဖြစ်တာကြောင့် တစ်ရက်ကိုအနည်းဆုံး ရေဖန်ခွက် ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။

(၅) ပြည့်ပြည့်ဝဝ အိပ်စက်ပါ

Photo : Sleep Centers of Middle Tennessee

အိပ်စက်မှုနဲ့ လူ့ကျန်းမာရေး ဆက်စပ်မှုကို လူတွေဟာ ရှေးကတည်းက သတိထားမိခဲ့ကြပါတယ်။ အိပ်ရေးမဝဘဲ အနားမရတဲ့ လူတစ်ယောက်ဟာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး ဖျားလွယ်နာလွယ် နိုင်ပါတယ်။ တစ်နေ့ ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ပေးခြင်းအားဖြင့် အာရုံစူးစိုက်မှု ပိုကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်သလို စိတ်ဖိစီးမှုကိုလည်း သက်သာစေပါတယ်။

ကျန်းမာတဲ့ နေထိုင်မှုပုံစံဟာ လိုက်နာဖို့ သိပ်မခက်ပေမယ့် လူတိုင်းလိုက်လုပ်နိုင်ဖို့တော့ ထက်သလောက်မလွယ်ပါဘူး။ သို့သော် အခုပြောပြတဲ့ အခြေခံ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံတွေကို တဖြည်းဖြည်းချင်း ပြောင်းလဲလိုက်ပြီဆိုတာနဲ့ အသက်ရှည်ကျန်းမာတဲ့ လူမှုဘဝကိုစတင် ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Men’s Fitness