အောင်တော့ အောင်မြင်ချင်ပါရဲ့ ၊ ရည်မှန်းချက် ပန်းတိုင် ဘာမှ ရေရေရာရာ မရှိဘူး ၊ Plan တွေ မချထားဘူးဆိုရင်တော့ ကွီးတို့က လေ ထဲ တိုက်အိမ် ဆောက်နေတာနဲ့ အတူတူပါပဲ။ စိတ်ကူးယဥ် အိပ်မက်သာရှိပြီး ဘာမှ လက်တွေ့အကောင်အထည် မဖော်နိုင်ရင် ထို လေ ထဲက တိုက်အိမ် ကလည်း အမှန်တကယ် ဖြစ်တည်လာမှာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ စိတ်ကူးထဲက အိပ်မက်လေးတွေ အမှန်တကယ် အကောင်အထည် ဖော်လာချင်တယ်ဆိုရင်တော့ လုပ်ဆောင်ရမှာက တစ်ခု နှစ်ခုတည်း မဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် အချက်တွေ အကုန်လုံးကို လိုက်လုပ်နိုင်မှသာလျှင် ကွီးတို့ရဲ့ အိပ်မက်များက အမှန်တကယ် အကောင်အထည် ဖော်လာမှာ ဖြစ်ပါတယ်။

(၁) တိကျ သေချာတဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခု ထားရှိပါ

ရည်မှန်းချက်

ကိုယ့်ရဲ့ အိပ်မက်တွေ အကောင်အထည် ဖော်ချင်ရင်တော့ အလုပ်သင့်ဆုံးအရာက ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်းကိုသာ အာရုံစိုက်ထားရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အလုပ် ၊ ငွေရေးကြေးရေး ၊ ကျန်းမာရေး ၊ လူမှုဆက်ဆံရေးများ စသည်ဖြင့် နယ်ပယ် အသီးသီးနဲ့ သက်ဆိုင်တဲ့ ရည်မှန်းချက် အသီးသီးကို ချမှတ်ထားရပါမယ်။ ထိုရည်မှန်းချက် တစ်ခုချင်းစီကို အာရုံစိုက်ထားမယ်ဆိုရင် ကိုယ့်ရဲ့ တိုးတက်မှု ဖြစ်စဥ်ကို တဖြည်းဖြည်း မြင်တွေ့ရလာမှာပဲ ဖြစ်ပါတယ်။ ထိုမှတဆင့် ကွီးတို့ရဲ့ စိတ်ကူးအိပ်မက်တွေက အမှန်တကယ် ဖြစ်ပေါ်လာမှာပါ။

(၂) အချိန်ရှိခိုက် လုံ့လစိုက်ပြီး အချိန်ဖြုန်းတတ်တဲ့ အကျင့်ကို ဖယ်ရှားပါ

လေ တိုက်အိမ်

ကွီးတို့ တိုးတက်မှုနှောင့်နှေးတာဟာ အချိန်ဖြုန်းနေမှု ၊ အချိန်မလေးစားမှုတို့နဲ့ အများကြီး သက်ဆိုင်ပါတယ်။ အချိန်ကို အကျိုးရှိစွာ အသုံးချတက်မယ်ဆိုရင် အချိန်တိုင်းဟာ ရွှေပါ။ ဒါကြောင့် အချိန်မဖြုန်း မိပါစေနဲ့။ ကြိုးစားသင့်သလောက် ကြိုးစားပါ။ နားသင့်သလောက် နားပါ။ မိမိရဲ့ အကြောက်တရားကို ကျော်လွှားပါ။ မိမိရဲ့ အကြောက်တရားကို ကျော်လွှားနိုင်ခြင်းက အောင်မြင်ခြင်းရဲ့ လမ်းစပဲ ဖြစ်ပါတယ်။ မိမိကြောက်သောအရာများကို တစ်ပတ်ကို တစ်ကြိမ်လောက် ကြိုးစားကာ ကျော်လွှားကြည့်ပါ။ တဖြည်းဖြည်းနဲ့ ကမ္ဘာပေါ်မှာ သင်ကြောက်တဲ့အရာ ရှိမှာမဟုတ်တော့ပါဘူး။

(၃) မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိပါ

လေ တိုက်အိမ်

ကွီးတို့ရဲ့ စိတ်ထဲမှာ စိုးမိုးနေတဲ့ အတွေးတွေက လက်တွေ့ဘဝအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကောင်းတာတွေ တွေးရင် ကောင်းတာတွေ ဖြစ်လာမယ် ၊ မကောင်းတဲ့ အတွေးတွေနဲ့ ပြည့်နှက်နေရင် မကောင်းတဲ့အရာတွေကိုပဲ ကြုံတွေ့ရမှာ ဓမ္မတာပါပဲ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အထင်အမြင်မသေးဘဲ ယုံကြည်ချက်အပြည့်ထားရှိဖို့ လိုပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ကျဆင်းစေတဲ့ အကြောင်းအရင်းများ များစွာရှိပါတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ကိုယ့်ကို တော်တဲ့လူတစ်ယောက်ယောက်နဲ့ အမြဲလိုက်နှိုင်းယှဥ်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကလည်း တဖြည်းဖြည်းကျဆင်း သွားတတ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်အမြင် သေးလာတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်ကို ပတ်ဝန်းကျင်က ဘယ်လိုထင်ထင် ဂရုကိုစိုက်မနေပါနဲ့။ ကိုယ့်ကို ဟိုလူက အထင်သေးသွားပြီလား မသိဘူးဆိုပြီး စိတ်ပူနေကာ သူတို့အတွက် အချိန်တွေ အကုန်ခံမနေပါနဲ့။ ကွီးတို့ရဲ့ အချိန်က ပိုတန်ဖိုး ရှိပါတယ်။

အမှိုက်လို လူတွေအတွက်နဲ့ ကိုယ့်ရဲ့ အချိန်တွေကို အပုတ်မခံဘဲ ကိုယ့်ကိုယ်ကိုယ်လည်း အထင်အမြင် မသေးလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိပါတယ်။ လူတိုင်းမှာ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း ဆိုသောအရာမှာ မွေးရာပါ မဟုတ်ပါဘူး။ အချို့ကလည်း ငယ်စဉ်ကတည်းက မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ပြုစုပျိုးထောင်ခံ ကြရပါတယ်။ ဒါပေမဲ့ ကြီးလာမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်လည်း ကြိုးစားယူနိုင်ပါတယ်။ မိမိလုပ်စရာရှိတဲ့ အရာများကို လုပ်နိုင်တယ်လို့ တထစ်ချ ယုံကြည်ခြင်း အားဖြင့်လည်း အောင်မြင်မှုကို ဆွတ်ခူးရယူနိုင်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပါ

ပြန်လည်သုံးသပ်ပါ

တစ်ပတ်တာ ကုန်ဆုံး သွားတဲ့အခါမှာ ကိုယ့်တစ်ပတ်တာလုံး ဘာတွေ လုပ်ခဲ့သလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြည့်လိုက်ပါ။

တစ်ပတ်တာလုံးမှာ ဘာတွေကို လေ့လာသင်ယူခဲ့သလဲ။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုရော စိတ်တိုင်းကျရဲ့လား။ ဘယ်နေရာမှာ တိုးတက်လာသလဲ။ ရှေ့လာမယ့် အပတ်မှာရော ဘာတွေကို ဆက်လက်လုပ်ဆောင် ရမလဲဆိုတာကို သေချာ စဥ်းစားလိုက်ပါ။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့သည် အရှေ့သို့သာ ဆက်လက်ချီတက်နေစဥ်မှာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို မေ့လျော့သွားတတ်ပါတယ်။​ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်ဖို့ ၊ ချစ်တတ်ဖို့ မေ့လာတတ်ပါတယ်။ ကိုယ့်အနားမှာ ကိုယ့်ကို ချစ်ခင်ပေးတဲ့လူတွေရဲ့ တန်ဖိုးကိုလည်း မေ့လျော့လာတတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးဖို့လည်း လိုအပ်ပါတယ်။ ဘဝကြီးက ရှင်သန်ရတာ အဓိပ္ပါယ် မဲ့လာတဲ့အခါ ဘာမှ ကြိုးစားချင်စိတ်မရှိတော့ဘဲ အရာရာကို လက်မြောက် အရှုံးပေးချင်စိတ် ပေါ်လာပါလိမ့်မယ်။

Source: Forbes

Featured Image: Freepik